သန်းခေါင်စာရင်း

23 Dec 2013

၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ

နိုဝင်ဘာ ၉၊ ၂၀၁၃
M-Media
ရေးသားသူ – သီတာလတ်

ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)
ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)

*  သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ဦးဝင်းမြင့် (UNFPA) MMSY တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို  ပြန်လည် မျှဝေရေးသားခြင်းဖြစ်ပါသည်။ ဆရာဦးဝင်းမြင့် အား ၁၉၆၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး M.E (Com) Statistics နှင့် ဘွဲ့ရရှိကာ M.Dev (Master of Development Studies) ဘွဲ့ကိုပါ ထပ်မံရရှိခဲ့ပါသည်။ Nation Planning and Economics Developemnt (အမျိုသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု) ၀န်ကြီး ဌာနတွင် ၁၉ နှစ်ဝန်းကျင်ခန့်၊ IOM (International Organizational Migration ) အဖွဲ့အစည်းတွင် တစ်နှစ်ဝန်းကျင်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး United Nations Food Programme Association ၏ National Program တွင် Monitoring and Evaluation Officer အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။လက်ရှိတွင် နိုင်ငံသားတိုင်း သိထားသင့်သည့် ၂၀၁၄ သန်းခေါင်စာရင်းတွင် မည်သို့မည်ပုံကောက်ယူမည်၊ နိုင်ငံတော်အနေနှင့် မည်သည့်အစီအစဉ်များထားရှိသည်တို့ကို ဆရာဦးဝင်းမြင့်မှ “၂၀၁၄ သန်းခေါင်စာရင်း အကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
အစိုးရနှင့် UNFPA တို့ ပူးပေါင်း၍ ၄-နှစ်ကျော်ကျော် စီမံကိန်းတစ်ခုဟာ “Population & Housing Census Myanmar 2014’’ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုတဲ့စီမံကိန်းပါ။ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ သန်းခေါင်စာရင်းကို ရပ်ကွက်အခေါ်က အိမ်ထောင်စုစာရင်းနဲ့ မှားတတ်ကြတယ်။ လူဦးရေနှင့်သန်းခေါင်စာရင်း Logo လေးကလည်း အဓိပ္ပါယ်ရှိပါတယ်။ ကော်မတီဖွဲ့ပြီး သေချာရွေးချယ်ခဲ့ကြပါတယ်။ “ပြည်သူအားလုံး ပါဝင်ဖို့ သန်းခေါင်စာရင်းကောက်ကြစို့” အားလုံးပါဝင်နိုင်စေဖို့ ဖိတ်ခေါ်ထားပါတယ်။
ယနေ့ပြောမယ့်အကြောင်းအရာတွေက
(၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
(၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
(၃) သန်းခေါင်စာရင်း နည်းပညာ
(၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
(၅) မေးခွန်းလွှာ
(၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
(၇) ပြည်သူများ၏ အခန်းကဏ္ဍ ဆိုပြီး အပိုင်းလိုက်ပြောပြသွားမှာဖြစ်ပါတယ်။

(၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ဗြိတိသျှလက်အောက်ကျရောက်ခဲ့သော (၁၈၇၂ မှ ၁၉၄၁)ခုနှစ်ထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်း မကောက်ယူဖြစ်တော့ဘဲ ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု သတ်မှတ် ပြဌာန်းထားတယ်။ သန်းခေါင်စာရင်းတစ်ကြိမ်ကောက်ယူရန် အနည်းဆုံးအချိန် (၄) နှစ်ယူရတယ်။ ငွေကြေးကုန်ကျမှုအလွန်များတယ်။ လူဦးရေပညာအရ (၁၀)နှစ်ကိုတစ်ကြိမ် လူဦးရေးစာရင်းကောက်ထားလျှင် အဲဒီစာရင်းသည် နောင် (၁၀)နှစ်အတွက် စီမံကိန်းများရေးဆွဲရန် ခိုင်မာသော သတင်းအချက်အလက်များဖြစ်လာတယ်။ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခဲ့တယ်။ အဲ့ဒီ ၁၉၈၃ နောက်ပိုင်းမှာ သန်းခေါင်စာရင်း မကောက်နိုင်တော့ဘူး။ ခုနှစ်နောက်ပိုင်း အစိုးရမှ သန်းခေါင်စာရင်း မကောက်တော့ဘဲ နမူနာစစ်တမ်းများ၊ သက်ဆိုင်ရာရုံးများမှ မှတ်တမ်း၊ မှတ်ရာများ အချက်အလက်များကို ယူပါတယ်။ ပြီးတော့လူဦးရေကိုခန့်မှန်းတယ် ၁၉၈၃ကစပြီး မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းတွေ နောက် suryey လို့ခေါ်တဲ့စစ်တမ်းတွေ administrative record တွေကပဲလူဦးရေကိုခန့်မှန်းခဲ့ရတယ် တွက်ချက်ခဲ့ရတယ်။

(၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
အဲဒါကြောင့်မို့မြန်မာနိုင်ငံမှာ ၂၀၁၄ကျရင် သန်းခေါင်စာရင်းကောက်ကြမယ်ဆိုပြီး လက်ရှိအစိုးရဦးသိန်းစိန်က ရည်ရွယ်တယ်။ အဲ့ဒီတော့ ဖွံ့ဖြိုးဖို့ကူညီပေးတဲ့အခါတော့ လူပေါ်မူတည်ပြီးအထောက်အပံ့ပေးရတယ်။ ဆိုလိုတာက လူဦးရေတိတိကျကျ မသိဘူးဆိုရင် ဖွံဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အရမ်းခက်ခဲတယ်။ ဆိုလိုတာက လူ၁၀၀၀အတွက်ပေးရမယ့်ဟာကို လူ၅၀၀၀အတွက်တွက်တယ။် လူ၅၀၀၀အတွက် ပေးရမယ့်ဟာကို လူ၁၀၀၀အတွက်တွက်တယ်။ ပိုတာလိုတာတွေ အများကြီးရှိတဲ့အတွက် လူဦးရေတိကျဖို့လိုတယ် ဆိုတဲ့အနေအထားမျိုး၇ှိတယ်။ ဘယ်လိုဖြစ်နေလည်းဆိုတော့ လ.ဝ.ကဦးစီးဌာနက ၂၀၁၂မှာလူဦးရေသန်း၆၀ရှိမယ်လို့ ခန့်မှန်းတယ်။ ဒါအစိုးရခန့်မှန်းတာ အဲဒါကိုအစိုးရကပဲ လ၀က၀န်ကြီးဋ္ဌာနက ခန့်မှန်းတဲ့သန်း၆၀ဆိုတဲ့ဟာကို UNက သန်း၅၆သန်းပဲ ခန့်မှန်းတယ်။ အဲ့တော့လေးသန်းလောက်ကွာတယ်။ သန်းခေါင်စာရင်းကောက်ဖို့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ US$ 58.5 သန်းခန့် ကုန်ကျမယ်။ အဲဒီစရိတ်စကတွေကို အစိုးရတစ်ဦးတည်းလည်း ကုန်ကျမခံနိုင်ဘူး။ UN တစ်ခုတည်းကလည်း ကုန်ကျမခံနိုင်ဘူး။ အဲအတွက် ရန်ပုံငွေရှာရတယ်။ အစိုးရက US$ 15 သန်းထည့်ဝင်ပြီး UNကတော့ US$ 5 သန်းထည့်ဝင်တယ်။ အခြားနိုင်ငံက ဖံွံ့ဖြိုးမှုကို ကူညီပေးနေတဲ့ အလှူရှင်တွေက ကျန်တာ ထည့်ဝင်ကြတယ်။ အားလုံး US$ 62 သန်းခန့် ရရှိထားပြီ။

(၃) သန်းခေါင်စာရင်း နည်းပညာ
တကမ္ဘာလုံးမှာသတ်မှတ်ထားတဲ့ သန်းခေါင်စာရင်းကောက်တဲ့အခါ နည်းလမ်း ၂ မျိုးနဲ့ကောက်တယ်။ နေမြဲလူဦးရေကို ကောက်ခြင်းနှင့် တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်းဖြစ်တယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့အခါ တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်း(de-fato)ဖြစ်တယ်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတွင်ရှိနေသော နိုင်ငံသား၊ နိုင်ငံခြားသားအပါအဝင် အားလုံးသော လူတိုင်းကို ကောက်ယူမယ်။ Census Night ကို ၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက် စနေနေ့ည ၁၂း၀၀ နာရီဟုသတ်မှတ်ထားတယ်။ သန်းခေါင်စာရင်ကောက်ယူမည့် ကြာချိန်ကတော့ တနိုင်ငံလုံးကို မတ်လ ၃၀ရက် ၀၀း၀၀နာရီကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ (၁၂) ရက်တိုင်တိုင် ကောက်ယူမယ်။ အဲဒီအချိန် မိမိအိမ်တွင်ရှိနေသော လူအားလုံးကို ရည်ညွန်းပြီး ကောက်ယူမယ်။ ကိုယ့်အိမ်မှာ ဘယ်သူရှိနေနေ အဲဒီအိမ်ရဲ့စာရင်းထဲမှာ ပါဝင်မယ်။ တွေ့ရှိသမျှ လူတိုင်းကို သန်းခေါင်စာရင်းကောက်ယူသောနည်းလမ်းပုံစံကို အသုံးပြုပြီးတွက်ချက်မယ်။ အကယ်၍များ အပြင်မှာ တွေ့ရှိပြီး စာရင်းကောက်ယူပြီးဖြစ်နေရင် ကိုယ်တိုင်က ဘယ်နေရာမှာတော့ ကောက်ယူပြီးပါပြီဆိုတာကို မှန်မှန်ကန်ကန်ပြောပြဖို့လိုတယ်။ နိုင်ငံခြားသံရုံးများ မပါဝင်ပါ။ နိုင်ငံခြားသံရုံးကို သက်ဆိုင်ရာနိုင်ငံကသာ ပိုင်သည်။ သန်းခေါင်စာရင်းကောက်ယူပြီးမှ သေဆုံးသွားလျှင် သန်းခေါင်စာရင်းတွင်ပါဝင်ပြီး ကျော်လွန်ပြီးမှ မွေးဖွားလာကြသူများ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ သတင်းစာမှာ သန်းခေါင်စာရင်း ဥပဒေ ပြဌာန်းခြင်းကို ဖော်ပြထားတယ်။ လေ့လာကြည့်ပါ။


(၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းအရဆိုရင် နိုင်ငံတိုင်းမှာ သန်းခေါင်စာရင်းဥပဒေဆိုတာ ပြဌာန်းရတယ်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်တုန်းက ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို အသုံးပြုတယ်။ ၁၉၈၃ခုနှစ်မှာ သန်းခေါင်စာရင်းကောက်တော့လည်း ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို သုံးခဲ့တယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ခောတ်နှင့်လိုက်လျောညီထွေသော သန်းခေါင်စာရင်းဥပဒေကို ပြုပြင်ပြဌာန်းလိုက်သည်။ မြန်မာနိုင်ငံရဲ့သန်းခေါင်စာရင်းရုံးက နေပြည်တော် ပြည်သူအင်အားဦးစီးဌာနတွင် ဖွင့်လှစ်ထားပြီး ဥပဒေအရ သန်းခေါင်စာရင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဦးခင်ရီ (လ.ဝ.က ဝန်ကြီး)၊ နာယကအဖြစ် ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ပါဝင်ဖွဲ့စည်းသည်။ ကော်မရှင်လက်အောက်တွင် လိုအပ်သောကော်မတီငယ်များ ဆက်လက်ဖွဲ့စည်းတယ်။ ထိုအထဲမှာ ၁၂နိုင်ငံမှ သန်းခေါင်စာရင်း ပညာကျွမ်းကျင်ပညာရှင်(၁၄)ဦး ပါဝင်သော အပြည်ပြည်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့လည်းပါဝင်တယ်။ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို တိကျစွာခန့်မှန်းနိုင်ခြင်းမရှိဘူး။ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ပထမဆုံး မြေပုံဆွဲဖို့ မြန်မာ့မြေအနေအထားကို လိုက်ပြီး အပိုင်းငယ်ပေါင်း( )ပိုင်းခြားရတယ်။ သန်းခေါင်စာရင်းအကြောင်း၊ ဘာကြောင့် ကောက်ယူရသလဲဆိုတာကို အများပြည်သူကို အသိပညာပေးရမယ်။ တွက်ချက်နည်းတွေကိုလည်း ဆန်းစစ်ရမယ်။ ဖြည့်စွပ်ထားတဲ့အချက်အလက်တွေအပေါ်မှာ နည်းပညာများနှင့် ပေါင်းစပ်အဖြေရှာမယ်။ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံရေးအရ နည်းပညာအရ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကိုပါ ဝေဖန်ဆန်းစစ်နိုင်ရန် ကျွမ်းကျင်ပညာတွေ ခေါ်ယူရခြင်းဖြစ်တယ်။  သတင်းနဲ့ပြန်ကြားရေးဌာနလည်း ဖွဲ့စည်းထားပြီ။ ရှေ့ပြေးသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအနှံမှ မြို့နယ်ပေါင်း ၂၀ ကို စမ်းသပ်ကောက်ယူခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များကို အစိုးရမှ ဖိတ်ကြားခဲ့တယ်။ ဒေသဆိုင်ရာဘာသာစကားအလိုက် သတင်းနဲ့ပြန်ကြားရေးဌာနများကို နေရာအနှံမှာ ဖွင့်လှစ်ပေးမည်။ နောင်တစ်ချိန် သန်းခေါင်စာရင်းကောက်ယူချိန်ထိ ထိန်းသိမ်းနိုင်ပြီး မှတ်တမ်းတင်ဖို့အတွက် အချက်အလက်များ အားလုံးကိုသိမ်းဆည်းထားမယ်။ သန်းခေါင်စာရင်းကောက်ယူချိန်မှာ မေးမယ့်မေးခွန်းက အခရာပဲ။ အဲဒီမေးခွန်းလွှာပြုလုပ်ဖို့အတွက် နေပြည်တော်မှာ အစိုးရဌာနများ၊ လူဦးရေနဲ့လူမှုရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးကို အစည်းအဝေးခေါ်ယူတိုင်ပင်ခဲ့တယ်။ ဌာနဆိုင်ရာ လိုအပ်သော အခြေခံအချက်အလက်များကို တောင်းခံပြီး နိုင်ငံတိုးတက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ယူမလဲဆိုတဲ့ ပညာရှင်များထံမှ အကြံဉာဏ် တောင်းခံတယ်။ ကုလသမဂ္ဂမှ ပြုစုထားသော စံမေးခွန်းလွှာကို လေ့လာတယ်။ ယခင်သန်းခေါင်စာရင်းကောက်တုန်းက မေးခဲ့ဖူးတဲ့ မေးခွန်းလွှာကို ပြန်ကြည့်တယ်။ အိမ်နီးချင်နိုင်ငံတွေက သန်းခေါင်စာရင်းမေးခွန်းပုံစံတွေကို ပြန်ကြည့်တယ်။ အဲဒါအချက်တွေကို အခြေခံပြီး ၂၀၁၄ သန်းခေါင်စာရင်းမေးခွန်းလွှာကို ပြုစုရေးဆွဲတယ်။ အကုန်ပြီးစီးသွားတဲ့အခါ အဲဒီမေးခွန်းလွှာကို  အင်္ဂလန်မှာ အရွက်ရေ (၁၆)သန်း ရိုက်နှိပ်ထားတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုရင် မြန်မာပြည်ကို ရောက်မယ်။

(၅) မေးခွန်းလွှာ
၂၀၁၄သန်းခေါင်စာရင်း မေးခွန်းလွှာမှာ မေးခွန်းပေါင်း (၄၁) ချက်ပါဝင်တယ်။ အိမ်တစ်အိမ်ကို မေးခွန်း ၄၁ချက်ကို ဖြေဆိုဖို့ ပျမ်းမျှအချိန် မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိကြာနိုင်တယ်။ မေးခွန်းတွေကို ဖြေတဲ့အခါ ၁ ၂ ၃ ၄ ဆိုပြီး ရေးမှာ မဟုတ်ဘူး။ ခဲတံနဲ့ ခြယ်ရမှာဖြစ်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းကောက်ရမည့်သူတွေကို သင်တန်းပေးထားပြီးသားပဲ။ အခြေခံဖွဲ့စည်းပုံအရ တိုင်းရင်းသား (၁၃၅) မျိုးရှိတယ်လို့ ပြဌာန်းထားတယ်။ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်တွေမှာ အချို့လူမျိုးစုတွေရှိတယ်။ အထူးသဖြင့် ရခိုင်ဘက်( ဘင်္ဂါလားဒေ့ရှ်နယ်စပ်)၊ နာဂဘက်မှာ၊ ပြည်တွင်းမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လူမျိုးစုတစ်စုသည် စုစုပေါင်းလူဦးရေရဲ့ 0.001 %  အရေအတွက်ရှိမယ်ဆိုရင်  လွှတ်တော်မှာ နေရာတစ်နေရာရမယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရမယ်။ အဲဒါကြောင့် ရှမ်း၊ မွန်၊ ချင်းတွေက ရန်ကုန်မှာ သူတို့လူမျိုးစု ဘယ်လောက်ရှိသလဲဆိုတာ စစ်တမ်းကောက်တယ်။ အမှန်တော့ အဲဒါတွေက သန်းခေါင်စာရင်းနဲ့မဆိုင်ဘူး၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲဆိုင်တယ်။ အချို့လူမျိုးစုတွေကလည်း သူတို့လူမျိုးစုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတဲ့သူတွေလည်း ရှိတယ်။ လူမျိုးစုတွေကို ထည့်သွင်းရေး၊ မထည့်သွင်းရေးဆိုတာ သန်းခေါင်စာရင်းကိစ္စမဟုတ်ပါ။ အဲဒါက နိုင်ငံရေးရာကိစ္စ ဖြစ်တယ်။ မည်သည့်တိုင်းရင်းသားဖြစ်နေပါစေ၊ မျိုးနွယ်စုကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ပါကိုပါရမယ်။ ၁၉၈၂ ခုနှစ်မတိုင်မီက လူမျိုးစု (၁၄၄)မျိုးရှိရာမှ ၁၉၈၃ခုနှစ်နောက်ပိုင်းမှာ လူမျိုးစု(၁၃၅)မျိုးသာ ပါဝင်ပြဌာန်း ခဲ့တယ်။ ပျောက်သွားတဲ့ လူမျိုးစု (၈) မျိုးက သူတို့ရဲ့လူမျိုးစုပါဝင်နိုင်ရေးအတွက် လုပ်ကြတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။ (၁၃၅)မျိုးမှာ ပါဝင်တဲ့မျိုးနွယ်တွေအတွက် code no. တွေပါရှိပြီးသား။ အဲထဲမှာ မပါဝင်တဲ့မျိုးနွယ်စုတွေကိုတော့ Other ဆိုတဲ့အကွက်ထဲမှာ ထည့်မယ်။ ကိုယ့်မျိုးနွယ်စု မပါဝင်သူတွေဟာ Other ဆိုတဲ့ code no. က 9 1 4 ။ အဲဒီဘေးက ကွက်လပ်ကလေးမှာ ကိုယ့်ရဲ့မျိုးနွယ်စုကို ဖွင့်ဟပြောပါ။ စာရင်းကောက်သူက ကာယကံရှင်ပြောတဲ့တိုင်း 9 1 4 ရဲ့ဘေးက ……………ကွက်လပ်မှာ ကိုယ်ပြောတဲ့မျိုးနွယ်စုကို ရေးပေးလိမ့်မယ်။ အချို့မှတ်ပုံတင်ကဒ်တွေမှာ ကိုယ့်လူမျိုးအမည်အမှန်ကို  မရေးထားခဲ့လျှင်လည်း သန်းခေါင်စာရင်းကောက်သူအား ကိုယ့်မျိုးနွယ်စုကို မှန်ကန်တိကျစွာပြောပါ။ မှတ်ပုံတင်ကတ်ပြားကို ထုတ်ပြစရာမလိုဘူး။ ကိုယ်ရထားတဲ့ကတ်ရဲ့အရောင် ပန်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် စသဖြင့် အရောင်ကိုသာ ပြောပြရမှာပါ။ ဘာကတ်မှ မရှိရင်လည်း မရှိဘူးလို့ ပြောလိုက်ရုံပဲ။ ကိုယ့်မိဘရဲ့လူမျိုးက ဘာဖြစ်ဖြစ် ကိုယ်ထည့်ချင်တဲ့လူမျိုးကို ထည့်ခွင့်ရှိတယ်။ ကိုယ်ဆန္ဒရှိတဲ့လူမျိုးကိုသာ ထည့်တာကို သန်းခေါင်စာရင်းကောက်သူက ရေး၊ မရေး သေချာကြည့်ပါ။ သန်းခေါင်စာရင်းမှာ ဖြည့်စွက်ထားသည့် လူအမည်ကို မကြည့်ပါ။ အဓိက ဘာသာ၊ လူမျိုးစု ကိုသာကြည့်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ပြီးနောက် ပထမဆုံးထုတ်ပြန်ချိန်မှာ Other လို့ပဲ ထုတ်ပြန်မယ်ပြီး မျိုးနွယ်စုအမည်တွေ မပါဘူး။ ဒါပေမယ့် နောက်ပိုင်းထုတ်ပြန်တဲ့အခါ တစ်မျိုးချင်းစီ ထုတ်ပြန်ပေးမယ်။ သေချာသုံးသပ်စီစစ်ပြီးတဲ့အခါမှာ နောက်တစ်ချိန်ရေးဆွဲမယ့် နိုင်ငံသားဥပဒေအတွက် အကျိုးသက်ရောက်မှုရှိလာမယ်။ ဒါကြောင့် သန်းခေါင်စာရင်းမှ ရသော အချက်အလက်သည် ဥပဒေပြုရာတွင်လည်း အသုံးဝင်တယ်။ အဲဒီအတွက် ဖြေဆိုသူသည် မိမိဆန္ဒရှိသော မျိုးနွယ်စုကိုသာ ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန်ပြောဆိုပါ။ ကိုယ့်က သေချာပြောရဲ့သားနဲ့ မရေးဘူးဆိုရင် ကြီးကြပ်ရေးမှူးကို တိုင်လို့ရတယ်။ အဲဒါမှ အရေးမယူဘူးဆိုရင် အထက်အဆင့်ဆင့်ကို အချိန်မီတိုင်ကြားလို့ရတယ်။ သူတို့မေးတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူးဆိုရင်လည်း အိမ်ရှင်ကို တရားစွဲလို့ရတယ်။ ကိုယ့်မိသားစုဝင်တစ်ဦးဦးက ပြည်ပမှာရောက်နေသူရှိရင် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုနည်းနဲ့သွားခဲ့သွားခဲ့ အရေးယူခြင်း၊ မယူခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်နိုင်ငံသား/မိသားစုဝင်တစ်ယောက် အခြားဘယ်နိုင်ငံမှာရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဲဒါမှ ကိုယ့်သန်းခေါင်စာရင်းမှာ ကိုယ့်မိသားစုဝင်အားလုံးပါဝင်မယ်။ ကိုယ့်မိသားစုဝင်ထဲမှ ပျောက်ဆုံးနေသူရှိရင်လည်း ပြောပြရမယ်။ အခြားဘယ်နယ်ကို ရောက်နေတယ်ဆိုတာကိုလည်း ပြောပြရမယ်။ သန်းခေါင်စာရင်းကောက်ပြီးလို့ စာရင်းထုတ်ပြန်တဲ့အခါ အမည်စာရင်းထုတ်ပြန်မှာမဟုတ်ဘဲ လူဦးရေစာရင်းကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် စသဖြင့် ထုတ်ပြန်မှာဖြစ်တယ်။

 (၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ခံပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျဉ်း ရလဒ်ရှိလာပြီ။ အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေကို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် အသီးသီးဖော်ပြပေးလိမ့်မယ်။ နောက် ၁၁လကြာတဲ့အခါ အကုန်အပြည့်အစုံ ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ဌာနအလိုက် အစီရင်ခံစာစစ်တမ်းတွေ ထွက်လာမယ်။  နောက် ၁၀နှစ်၊ အနှစ် ၂၀ မှာ ဖြစ်လာမဲ့ လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ သက်ကြီးရွယ်အို၊ လူငယ်အရေအတွက် စသဖြင့် အားလုံးကို ခန့်မှန်းနိုင်မယ်။ လူမျိုးစုအချို့ တိုးလာဖို့ရှိသလို လျှော့သွားနိုင်တဲ့ လူမျိုးစုလည်း ရှိနိုင်တယ်။

(၇) ပြည်သူများ၏ အခန်းကဏ္ဍ

သန်းခေါင်စာရင်းဆိုတာ အိမ်ထောင်စုစာရင်းနဲ့မတူဘူး။ မှတ်ပုံတင်ကတ်နဲ့မဆိုင်ဘူး။ ကိုယ်ပတ်ဝန်းကျင်က လူအချင်းချင်း သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးသိသမျှကို မျှဝေမယ်။ မှန်မှန်ကန်ကန် ဖြေပေးကြဖို့၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူမှန်သမျှ သန်းခေါင်စာရင်းထဲမှာ ပါဝင်ရမယ်ဆိုတာကို ပြည်သူအချင်းချင်းလည်း အသိပေးဖြန့်ဝေကြရမယ်။
http://www.m-mediagroup.com/news/20198

၂၀၁၄ သန်းခေါင်စာရင်း ကောက်ပြီးလျှင် ကိုးကွယ်ရာဘာသာ အလိုက် တနိုင်ငံလုံးရှိ လူဦးရေ စာရင်းထုတ်ပြန်ပေးမည်

အောက်တိုဘာ၊ ၁၆
M-Media

တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုး တွဲ၍ဖော်ပြရန် အစီအစဉ်ရှိမရှိကို အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူလွှတ်တော်အစည်းအဝေးတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒု-ဝန်ကြီး ဦးဝင်းမြင့် အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။
- တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာ အလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှသာ တိကျစွာ ထုတ်ပြန် နိုင်မည်ဖြစ်ပါကြောင်း၊
- သန်းခေါင်စာရင်း မေးခွန်းပုံစံ စာတိုင် ၇ တွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့် ဘာသာကို မေးမြန်းထားပါသဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၊
- ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းမကောက်ယူမီ ထုတ်ပြန်မည် ဆိုပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်ခက်ခဲသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူပြီးမှသာ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း အား မှန်ကန်တိကျစွာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း  ဖြေကြားခဲ့ပါသည်။

ကိုးကား-ပြည်သူလွှတ်တော် ဝဘ်ဆိုဒ်
http://www.m-mediagroup.com/news/19336

21 Dec 2013

“ပသီ” လို့ ဘာ့ကြောင့် ခေါ်ရမလဲဆိုတာ ရှင်းတဲ့ ဒေါက်တာမြင့်သိန်း

(PCN) ပသီခေါ် မြန်မာမွတ်စလင်မ် ပာု မည်သည့် အတွက်ကြောင့် ဖြည့်သွင်းရေးသား အပ်ကြောင်း ရှင်းလင်းပွဲ

၂၀၁၄ သန်းခေါင်စာရင်းတွင် မြန်မာမွတ်စလင်မ်များ အနေဖြင့် ပသီခေါ် မြန်မာမွတ်စလင်မ် ပာု မည်သည့်အတွက်ကြောင့် ဖြည့်သွင်း ရေးသား အပ်ကြောင်း ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နေ့လည် ၂း၀၀ နာရီအချိန်က ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် တွင် ကျင်းပသည်။
“ပသီဆိုတာ ဘာသာရေးကို အကြောင်းပြုပြီး ဖွဲ့တာမပာုတ်ဘူး။ ဘာသာရေးကို အခြေခံပြီး ကျွန်တော်တို့ လူမျိုးစု ထူထောင်တာ မပာုတ်ဘူး။ ဒီလူမျိုးတွေက အစ္စလမ်ကိုးကွယ်တာ။ ပသီပြည်နယ်ထူထောင်ဖို့လည်း မပာုတ်ဘူး။ ဆိုပါစို့ ပသီထဲမှာ ဘာသာခြား မရှိနိုင်ဘူးလား။ ရှိနိုင်တာပေါ့ ဥပမာ အကြီးကျယ်ဆုံး ကမ္ဘာနဲ့ယှဉ်ပြီးေ ပြောရရင် ကုလသမ္မဂ အတွင်းရေးမှုးချုပ်ပောာင်း ဦးသန့်၊ သူ့အဖေသည် မြန်မာမွတ်စလင်မ်။ ကာကာ၊ ပန်းတနော်သား ဒါပေမဲ့သူသည် Self-Identification အရ အမေဘက်လိုက်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးအဖြစ် ခံယူတယ်၊ သူ့ကို ဘယ်သူကမှ ကုလားကြီးလို့ မခေါ်ဘူး၊ ဦးသန့်ကို ဒီနေ့ဘယ်သူမှ ကုလားလို့ မပြောဘူး။ ဦးသန့်နဲ့ ပတ်သက်ပြီး ကျောင်းသားတွေ လူငယ်တွေ ဒိုင်ခံပြီး ရန်ဖြစ်တယ် အစိုးရ အဆက်ဆက်မှာ” ပာု ဒေါက်တာမြင့်သိန်းက ဖခင်ဘက်ဖြစ်စေ၊ မိခင်ဘက်ဖြစ်စေ လွတ်လပ်စွာ လူမျိုးတစ်မျိုးမျိုး ခံယူနိုင်ပုံကို ပြောသည်။
ဒေါက်တာမြင့်သိန်း၏ အဘယ့်ကြောင့် “ပသီ ခေါ် မြန်မာမွတ်စလင်မ်” လူမျိုးပာု သုံးစွဲ ဖြည့်စွက်ရမည်နည်း ပာူသော စာတမ်း အပြည့်အစုံကို အောက်ပါ ပုံဖိုင်များတွင် ဖတ်ရှု့ နိုင်ပါသည်။

သတင်း – ပိာန်းအောင် (MMM)
https://docs.google.com/gview?url=http://www.myanmarmuslim.net/wp-content/uploads/2013/10/PCN-2.pdf&chrome=true

ကချင်မျိုးနွယ်စုများအားလုံး သန်းခေါင်စာရင်းတွင် ကချင်အမည် တစ်မျိုးတည်းသာ သုံးမည်။

20 December 2013 by Mizzima ( ဖနိဒါ )

ကချင်မျိုးနွယ်စု များစွာရှိသည့်အနက် “ကချင်” ဆိုသော အမျိုးသားအမည်တစ်မျိုးတည်းကို အသုံးပြုရန် ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပနေသော ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းဆွေးနွေးပွဲက ဒီဇင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်လိုက်သည်။...

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်တွင် စတင်ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးနေရာတွင်“ကချင်”ဟု ထည့်သွင်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့က ကချင်ဆိုတဲ့ခေါင်းစဉ် ကချင်မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ လောင်ဝေါ၊ လချိတ်၊ ဇိုင်ဝါ၊ ဂျီးဖော့ အားလုံးပါတယ်။ အဲဒါ ကြောင့် သန်းခေါင်စာရင်းထည့်တဲ့အခါ ကချင်ဆိုတဲ့အမည်နာမကို အားလုံးသုံးဖို့ဆိုပြီး တက်ရောက်လာ သူ အားလုံး သဘောတူပြီး ဆုံးဖြတ်တယ်”ဟု ဆွေးနွေးပွဲ တက်ရောက်လာခဲ့သူ ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အစိုးရမှကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးစု ၁၂ ခု ထည့်သွင်းထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုလိုက်ပြီး ကချင်လူမျိုးစု ခြောက်စုသာ ရှိသည်ဟု ဆိုသည်။

“အစိုးရက တခြားဆီဖြစ်တယ်ဆိုပြီး ခွဲပေးလိုက်တယ်။ အဲဒါကို ဆွေးနွေးကြတယ်။ ကျွန်တော်တို့က အရင်ကတည်းကနေ စကားမတူပေမယ့် လူမျိုးတစ်မျိုးပဲ။ ရိုးရာယဉ်ကျေးမှုကလည်း တစ်မျိုးတည်းပဲ” ဟု ပြောသည်။

ကချင်မျိုးနွယ်စု ဂျိန်းဖော့၊ လောင်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရ၀မ်နှင့် နုန် ဟူ၍ ခုနစ်မျိုးရှိသည်ဟု သတ်မှတ်သော်လည်း မြစ်ကြီးနားမြို့ ကချင်ယဉ်ကျေးမှုအဖွဲ့က နုန်နှင့်ရ၀မ်အား ပေါင်းလိုက်ကာ ကချင်မျိုးနွယ်စု ခြောက်မျိုးသာ သတ်မှတ်ထားသည်ဟု ဦးဒွဲပီဆားက ပြောသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် မျိုးနွယ်စုပေါင်း ၁၃၅ မျိုးကို အခြေခံ၍ ကောက်ယူသွားမည်ဆိုသည့်အပေါ် တိုင်းရင်းသားများအကြား စိုးရိမ်မှုများ ရှိနေသည်။

“လူမျိုးစုတွေ စဉ်းစားနိုင်တာကတော့ လူမျိုး ၁၃၅ မျိုးဆိုပြီးတော့ ခွဲပြီး လုပ်လိုက်တဲ့အပေါ်မှာ တချို့က တော့ ဥပမာ ချင်းဆိုရင်တော့ တစ်မျိုးတည်း တစ်ပြည်ထောင်ထဲမှာဘဲ။ ဒါပေမဲ့ သူက ၅၃ မျိုးတောင် ထွက်ထားတော့ ဒါက တမင်တကာကို ပိုပြီးကွဲသွားအောင် လုပ်တဲ့သဘော သက်ရောက်နိုင်မလားဆိုတဲ့ဟာမျိုးတွေ စိုးရိမ်တယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အတွင်း ရေးမှူး နိုင်ဟံသာက ပြောသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ခံရာတွင် ဒေသအလိုက် ဘာသာစကားနားလည်သည့် လူများကိုသာ သန်းခေါင်စာရင်း ကောက်ခံစေရန် ထည့်သွင်းစဉ်းစားစေလိုသည်ဟု “အစိုးရက လူမျိုးစု ၁၃၅ စုကို အခြေခံပြီးတော့ ကောက်မယ်ဆိုတဲ့အပေါ်မှာ ကျွန်မတို့ စိုးရိမ်တဲ့အချက်က ဒါက သိပ်များနေတယ်။ သိပ် ဖောင်းပွနေတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှအဖွဲ့ဝင် မနင်လီခေါန်က ဒီဇင်ဘာ ၁၂ ရက်က မဇ္ဈိမ ကို ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည့်အချိန်တွင် အစိုးရ သတ်မှတ်ထားသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးသည် အတိုးအလျှော့အပြောင်းအလဲ ရှိလာနိုင်သည်ဟု ယဉ်ကျေး မှုဝန်ကြီးဌာနက ဒု-၀န်ကြီး ဒေါ်စန္ဒာခင်က သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုထားသည်။

လတ်တလော သန်းခေါင်စာရင်းကောက်ခံမည့်သူများကို သင်တန်းပေးနေပြီဖြစ်ပြီး လူဝန်မှုကြီးကြပ်ရေး ၀န်ထမ်းများနှင့်အတူ မူလတန်း၊ အလယ်တန်း ကျောင်းဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ကျောင်းသားများကို ခေါ်ယူအသုံးပြုသွားမည်ဖြစ်သည်။

၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာမွတ်စလင်


ဒီဇင်ဘာ ၁၁၊ ၂၀၁၃
M-Media
ဆောင်းပါးရှင်-O’Laie Manzu


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ဘယ်လူမျိုးအဖြစ် ဖြည့်စွက် သင့်သလဲဆိုတဲ့ အမေးခွန်းအပေါ်မှာ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေပေါ်လာပါတယ်။ ဒီကိစ္စဟာ သမိုင်းတွင်မယ့် အရေးကြီးကိစ္စရပ် တစ်ခုဖြစ်တဲ့ အတွက် ဆွေးနွေးသင့်တယ်။ ငြင်းခုန်သင့်တယ်။ ဒါပေမယ့် အဖြေရှိရာဆီကိုတော့ ဦးတည်သင့်ပါတယ်။ သမိုင်း တလျှောက် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ လူမျိုးရေးကိစ္စ အငြင်းပွားလာခဲ့ကြရင်း ဒီနေ့ဒီအချိန်မှာ မြန်မာမွတ်စလင်တွေ နင်းပြား ပြားနေကြရတယ်။ တစ်စုတစ်စည်းတည်းဖြေရှင်းနိုင်မယ့် အင်အားလည်းမရှိဘူးဖြစ်နေပါတယ်။ ဒီလိုငြင်းကြ ခုံကြရင်း ဒီနင်းပြားဘဝ နှောင်မျိုးဆက်တွေကို အမွေအဖြစ် လက်ဆင့်ကမ်းကြရမယ့်အရေး စိုးရိမ်မိပြီး သုံးသပ်မိသမျှကို အကျဉ်းချုပ်ရေးသားလိုက်ရပါတယ်။

ဘုံအမည်

မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်သာသနာဝင်တွေကို ပသီ၊ ပသီကုလား၊ ဇေတဘာဒီ၊ ကုလား၊ မဟာမေဒင်၊ ဗမာမူဆလင် နဲ့ မြန်မာမွတ်စလင် ဆိုပြီး ဘုံနာမည် အမျိုးမျိုးနဲ့သမိုင်းတလျောက်ခေါ်လာခဲ့တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ဒီဘုံနာမည် တွေထဲမှာမှ ပသီ နဲ့ ဗမာမူဆလင် ကတော့ ဘုံနာမည်အဖြစ်ခေါ် တာရှိသလို ရှေးအကျဆုံး အစ္စလာမ်သာဝင်လူမျိုးစုကနေဆင်းသက်လာတဲ့ သီးခြားလူမျိုးစု တစ်စုကို ခေါ်တဲ့ လူမျိုးစုနာမည်လို့လည်း သက်မှတ်နေကြတာရှိပါတယ်။ ၁၉၄၆ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် (ဗမက) ရဲ့ဆုံးဖြတ်ချက်အရ ဗမာမူဆလင် (အစ္စလာမ်ဘာသာဝင် ဗမာ လူမျိုး) ဆိုတဲ့ ဘုံနာမည်အောက်မှာ ဗမာ လူမျိုးတွေနဲ့တန်းတူ လူများစုအခွင့်အရေးယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ နောက်တော့ နိုင်ငံအမည်ကို အဆွဲပြုပြီး မြန်မာမူဆလင်၊ မြန်မာ မွတ်စလင်လို့ ဖြစ်လာပြန်တယ်။ ဘုံနာမည် အကြောင်းပြောမယ်ဆိုရင် အဓိကထား စဉ်းစားရမယ့် အချက်နှစ်ချက်ရှိတယ်။ ပထမအချက်ကတော့ ဒီဘုံနာမည်ဟာ ဘယ်သူတွေကို ရည်ညွန်း ခေါ်ဝေါ်တဲ့ဘုံနာမည်လဲ ဆိုတာသုံးသပ်ဖို့လိုပါတယ်။ ကိုးကွယ်တဲ့ဘာသာကိုအခြေခံတာလား၊ လူမျိုးစုတွေကိုအခြေခံတာလား၊ မျိုးရိုးဇစ်မြစ်ကိုအခြေခံတာလား၊ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းတစ်ခုကိုအခြေခံတာလား ဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဒီလို ဘုံနာမည် တစ်ခု လိုအပ်သလား ဆိုတာကိုလည်း ခွဲခြားစိတ်ဖြာဖို့လိုပါတယ်။

မြန်မာမွတ်စလင်

၂၀၁၄ သန်းခေါင်စာရင်းကိစ္စဆွေးနွေးကြရင်း ကုလား၊ ပသီ၊ မြန်မာ နဲ့ မြန်မာမွတ်စလင်ဆိုတဲ့ အမည်နာမည်တွေအနက်က ဘုံနာမည်တစ်ခုရဲ့အောက်မှာ တရားဝင် တညီတညွတ်တည်းသုံးစွဲကြဖို့ တိုက်တွန်းတာတွေပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးရေစီးကြောင်းအရ ယခုလက်ရှိသုံးစွဲနေတဲ့ မြန်မာမွတ်စလင်ဆိုတာ လူမျိုးနဲ့ ဘာသာဒွန်တွဲနေတဲ့အတွက် လူမျိုးတစ်ခုအဖြစ်ရပ်တည်ဖို့မရနိုင်ကြောင်း အတော်များများလက်ခံလာတဲ့သဘောရှိပါတယ်။ အကယ်လို့သာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ရည်ညွန်းခေါ်ဝေါ်တဲ့ ဘုံနာမည်ဆိုရင်တော့ “မြန်မာမွတ်စလင်” ဆိုတာ အသင့်တော်ဆုံးပါဘဲ။ ဒါဟာ အစ္စလာမ်ဘာသာဝင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့အမည်တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်လို လူထုကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မြန်မာမွတ်စလင် (မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်) တွေကို ကိုယ်စားပြုဖို့ နိုင်ငံရေးအရလည်း စဉ်းစားဖို့လိုသေးတယ်။ ကိုယ်စားလှယ်ရှိမှလည်း မြန်မာမွတ်စလင်တွေရဲ့အရေး နိုင်ငံရေးစဉ်မြင့်မှာ ပြောဆိုဆွေးနွေးလို့ရမှာကို။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ ဘာသာရေးကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်မဟုတ်တဲ့အတွက် မြန်မာမွတ်စလင်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သီးခြားကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရနိုင်ဖို့ကတော့ သဘာဝမကျပြန်ပါဘူး။ ဒါကြောင့် ဘာသာတူသူတွေကို စုပြီးခေါ်တဲ့ ဘုံအမည်အစား လူမျိုးစုကို အခြေခံတဲ့ ဘုံအမည်အဖြစ် ပြောင်းလဲ စဉ်းစားလာကြခဲ့တယ်။ မြန်မာမွတ်စလင်ဆိုတာ ဘယ်လိုလူတွေလည်း ဆိုတာကို စဉ်းစားလာခဲ့ကြတယ်။ ပသီ၊ ကုလား၊ မြန်မာ ဆိုတဲ့ လူမျိုးစုအမည်ကို စဉ်းစားဖို့ ပေါ်လာတယ်။

ပသီ လူမျိုး

အခုတလော ပသီလူမျိုးအဖြစ်ခံယူကြဖို့ တိုက်တွန်းနေတာတွေပြန်ပေါ်လာတယ်။ ဒါပေမယ့် ခက်တာက ပသီဆိုတာကိုရှု့မြင်တဲ့ အမြင်တွေကလည်း ကွဲနေသေးတယ်။ တချို့က ပသီလူမျိုးဆိုတာ ရှေ့အကျဆုံး တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ဆင်းသက်လာတဲ့ လူမျိုးစုတွေကနေ ပေါက်ဖွားလာတဲ့ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ တချို့ကြပြန်တော့ ပသီဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ ပထန်၊ မယ်မန်၊ ကျူလီယာ၊ စူရ်သီ အစရှိတဲ့လူမျိုးတွေအပါအဝင် တောင်အာရှ လူမျိုးစုတွေနဲ့မျိုးစပ်တဲ့ ကပြားတွေ အားလုံးကို ခြုံငုံခေါ်ဝေါ်တဲ့ ဘုံအမည်ဖြစ်တယ်လို့သက်မှတ်ကြပြန်တယ်။ တနည်းပြောရရင် မြန်မာမွတ်စလင်တွေ အနက်က ပသီလူမျိုးဟာ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့မြင်တဲ့သူတွေရှိသလို မြန်မာမွတ်စလင်တွေအားလုံးပါတဲ့ ဘုံလူမျိုးအမည်တစ်ခုဖြစ်တယ်လို့မြင်နေတာတွေလည်းရှိပါတယ်။
ပသီလူမျိုးရဲ့သမိုင်းကိုပြန်ကြည့်ရင် အာရပ် ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှမျိုးဆက်တွေ လည်းပါတယ်။ မျိုးရိုးဇစ်မြစ်ကိုအခြေခံတယ်လို့ယူဆသူတွေရှိသလို အများအားဖြစ်ကတော့ လက်ရှိမြန်မာနိုင်ငံ အလယ်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ ကိုရောက်ရှိလာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘုံလူမျိုးအဖြစ်ခေါ်ဝေါ်ခဲ့ကြတယ်လိုမှတ်ယူထားကြပါတယ်။ မျက်မှောက်ခေတ်အမြင်အရ ပဒေသရာဇ်ခေတ် ကတည်းက မြန်မာ့နယ်နမိတ်အတွင်းကို ရောက်ရှိနေထိုင်ကြသူတွေအားလုံးဟာ နိုင်ငံသားအဖြစ်မှတ်ယူထားတဲ့အတွက် ပသီတွေဟာ နိုင်ငံခြားသားလို့ သတ်မှတ်လို့ မရပါဘူး။ ပသီတွေဟာ နိုင်ငံခြားသားမဟုတ်တဲ့အတွက် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားပေါင်းစပ်တဲ့ ကပြားတွေလို့လည်း ယူဆလို့မရပါဘူး။ ဒီလိုဘဲ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကလည်း ပဒေသရာဇ်ခေတ် ကတည်းက ပသီတွေနဲ့ ခေတ်ပြိုင်ရှိခဲ့ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းတလျှောက် သီးခြားလူမျိုးစုတွေ အဖြစ်နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကို ပသီလူမျိုးအောက်ထဲ ဆွဲထည့်လိုက်မယ်ဆိုရင် ဘယ်လိုမှ သဘာဝမကျပါဘူး။

တချိန်တည်းမှာ မိမိကိုယ်မိမိ အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှ မျိုးဆက်တွေကနေ ပေါက်ဖွားလာတယ်လို့ ခံယူကြရင်တော့ လွတ်လွတ်လပ်လပ် ပသီလူမျိုးလို့ ခံယူပိုင်ခွင့်ရှိပါတယ်။ ပဒေသရာဇ်ခေတ်မှမဟုတ်ပါဘူး၊ ကိုလိုနီခေတ် အတွင်းမှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ တောင်အာရှ မျိုးနွယ်စုတွေ ကနေပေါက်ဖွားလာသူတွေလည်း ပသီလူမျိုးအြ ဖစ် ခံယူခွင့်ရှိပါတယ်။ လူမျိုးတစ်မျိုးဆိုတာ နေချင်းညချင်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လူမျိုးဆိုတာ အချိန်ကာလနှင့်အမျှပြောင်းလဲတက်တဲ့ Process ဖြစ်တည်မှုမျိုးပါ။ လူအုပ်စု တစ်စုဟာ လူမျိုးတစ်မျိုးအသွင်ဆောင်လာဖို့အတွက် နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီကြာလေ့ရှိပါတယ်။ ပထဝီအနေအထား၊ လူမှုဘဝ၊ ဘာသာစကား၊ ကိုယ်ကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အစရှိတဲ့ပြောင်းလဲမှုတွေနဲ့အတူ လူမျိုးစုတွေဟာလည်းပေါ်လာတက်တယ်၊ ပျောက်ကွယ်သွားတက်တယ်။ ပြောင်းလဲသွားတက်ပါတယ်။ ပသီလူမျိုးဖြစ်တည်မှု Process က အင်္ဂလိပ်-ဗမာ ပထမစစ်ဖြစ်လိုက်တာနဲ့ ရပ်မသွားပါဘူး။ အင်္ဂလိပ်-ဗမာ ပထမစစ် ရဲ့ အရှေ့ပိုင်းတွေ၊ အနောက်ပိုင်းတွေနဲ့ အချိန်ကာလ စည်းမျှဉ်းခြားတာက သက်ဆိုးရှည်ခဲ့တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ အယူအဆသာဖြစ်ပါတယ်။ အင်္ဂလိပ်-ဗမာ ပထမစစ်ပြီးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကိုအခြေခံပြီးပိုင်းခြားတဲ့ တိုင်းရင်သားလူမျိုး-နိုင်ငံခြားသာလူမျိုးဆိုတဲ့ ဦးနေဝင်းရဲ့ခွဲခြားသက်မှတ်မှုနည်းနာအတိုင်းလည်း ရပ်တည်ဖို့မလိုပါဘူး။ ယခုမျက်မှောက်ခေတ်ကိုလည်း ပသီလူမျိုးအသွင်ကူးပြောင်းနေတဲ့ ကာလတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ တောင်အာရှမျိုးဆက်တွေကနေဆင်းသက်လာပြီး မြန်မာ့လူ့ယဉ်ကျေးမူရေစီးကြောင်းအတိုင်းနေထိုင်သူတိုင်းဟာ ပသီလူမျိုးဖြစ်တယ်လို့ ခံယူပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။

မြန်မာ (ဗမာ) လူမျိုး

၁၉၄၆ ခုနှစ် ဇန္နဝါရီလ မှာကျင်းပတဲ့ ဖဆပလ ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံမှာ ဗမာမူဆလင် တွေဟာ လူနည်းစုအခွင့်အရေးအပြည့်အဝရသင့်တယ်၊ ဒီလို လူနည်းစုအခွင့်အရေးအပြည့်အဝရဖို့အတွက်ကိုလည်း ဖဆပလအဖွဲ့ချုပ်ကြီးကတာဝန်ယူတယ် ဆိုပြီး ဆရာကြီးဒီဒုတ်ဦးဘချိုကအဆိုတင်သွင်းခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ် ဒီဇင်ဘာလမှာကျင်းပတဲ့ ဗမကအဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံမှာ လူနည်းစုအခွင့်အရေးကိစ္စနဲ့ပါတ်သက်ပြီး (၃၇)မဲ – (၃၇)မဲ မဲချင်းတိုက်နေတော့ သဘာပတိဖြစ်တဲ့ ဆရာကြီးဦးရာဇတ်က ဘယ်ဘာသာဘဲကိုးကွယ်ကိုးကွယ် ဗမာလူမျိုးဟာ ဗမာလူမျိုးဘဲ ဆိုတဲ့အယူအဆကို လက်ကိုင်ထားပြီး ဗမာလူမျိုးနည်းတူ လူများစုအခွင့်အရေးသာ ရယူသင့်ကြောင်း ဆုံးဖြတ်ပေးခဲ့တယ်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ ရှိရှိသမျှ လူမျိုးစုတွေအားလုံးကို ခြုံငုံပြီး “မြန်မာလူမျိုး” လို့ကျယ်ကျယ်ပြန့်ပြန်အဓိပ္ပါယ်ဖွင့်ကြသလို ဆရာကြီးဦးရာဇာတ်တို့ခေတ်က လက်ခံထားကြတဲ့ “ဗမာလူမျိုး” ဆိုတဲ့ သက်မှတ်ချက်က ကျယ်ပြန့်တယ်။ Inclusive တော်တော်လေးဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဗမာလူမျိုးဆိုတဲ့ သက်မှတ်ချက်ဟာ မျိုးရိုးဗီဇကိုအခြေခံတဲ့ သီးခြားလူမျိုးစုတစ်စုအသွင်ကို ဦးတည်လာခဲ့ပါတယ်။ တချို့ကြပြန်တော့လည်း ဗမာဆိုတာ နိုင်ငံအမည်ကိုဘဲခေါ်တာပါလို့ပြောကြပြန်တယ်။ ဗမာနဲ့မြန်မာ အမည်နာမတွေကိုလက်ခံတဲ့ပုံတွေအပေါ်မှာ အငြင်းပွားမှုတွေဖြစ်လာခဲ့တယ်။ တစ်ဖက်မှာတော့ ဗမာ ဆိုပြီးပြည်မ မှာနေထိုင်ကြတဲ့ လူမျိုးစုတွေနဲ့ တန်းတူရပ်တည်ကြတဲ့ အစ္စလာမ်ဘာသာဝင် ဗမာ (ဗမာ မူဆလင်) တွေဟာ ဗမာအဖြစ်မရပ်တည်ကြတော့ဘဲ နိုင်ငံအမည်နဲ့အတူ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး (မြန်မာမွတ်စလင်) လို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။
တစ်ချိန်က ဒီနိုင်ငံ၊ ဒီနယ်နမိတ်အတွင်းမှာ တမြေတည်းနေ၊ တရေတည်းသောက် အတူတကွနေထိုင်ကြသူတွေကို ဗမာလူမျိုးတွေပါဘဲလို့ တပြေးညီသက်မှတ်ခဲ့ကြပေမယ့် အခုခေတ် မြန်မာလူမျိုး (အချို့အယူအဆအရ ဗမာလူမျိုး) ဆိုတဲ့အထဲမှာတော့ သက်ဆိုင်ရာ လူမျိုးစုကွဲတွေရှိနေပြန်တယ်။ ဒါကို တိုင်းရင်းသားလူမျိုးစုဆိုတဲ့ ကန့်သတ်ချက်တွေချထားတယ်။ တိုင်းရင်းသားဆိုတာကလည်း ဦးနေဝင်းသက်မှတ်ပေးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကို ပေတံတစ်ခုအဖြစ် လက်ရှိတိုင်းတာနေဆဲဖြစ်ပါတယ်။ တချိန်က တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးခဲ့တဲ့ ရခိုင်-စစ်တကောင်း၊ မြန်မာမူဆလင်၊ မြေဒူး၊ မြန်မာ-အိန္ဒိယတွေကိုလည်း မြန်မာတိုင်းရင်းသားစာရင်းကပယ်ဖျက်ခဲ့တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ ဗမာ၊ ကရင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစု ဆိုရင်တော့ အားလုံးတန်းတူ မြန်မာလူမျိုးလို့လက်ခံနိုင်တယ်။ ဒါဟာ ကိုးကွယ်တဲ့ဘာသာအပေါ်အခြေခံတာမဟုတ်ဘဲ လူမျိုးစုအပေါ် အခြေခံတာဖြစ်တယ်။ မြန်မာ့နယ်နမိတ် အတွင်းမှာ သန္ဓေတည်ခဲ့တဲ့ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ မြေဒူး နဲ့ ပသျှူး လူမျိုးတွေကတော့ မြန်မာ့လူမျိုးစုတွေ ဟုတ်မဟုတ်ဆိုတာ ဆက်လက်အငြင်းပွားနေဦးမှာဖြစ်ပါတယ်။ ဒီလူမျိုးစုဝင်တွေအနေနဲ့ အခြားမြန်မာလူမျိုးတွေနည်းတူ တန်းတူအခွင့်အရေးရဖို့အတွက် ဆက်လက်ချည်တက်ရမယ့် တော်လှန်ရေးကြီး တစ်ရပ်ဖြစ်ပါတယ်။ စူရ်သီ၊ မယ်မာန်၊ ကျူလီယာ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်ခဲ့တဲ့ လူမျိုးစုတွေကိုတော့ မြန်မာလူမျိုးအဖြစ် သို့မဟုတ် မြန်မာနိုင်ငံရဲ့ တိုင်းရင်းဌာနေလူမျိုးစုတွေအဖြစ် တရားဝင်လက်ခံပေးမှာမဟုတ်ဘူးဆိုတာ မြင်သာနေပါတယ်။

ကုလား လူမျိုး

တချို့ကတော့ တောင်အာရှမျိုးဆက်ကို ရှေ့တန်းတင်ပြီး ကုလားဆိုတာကိုဘဲ ဘုံလူမျိုးအဖြစ်ရပ်တည်ဖို့ တိုက်တွန်းနေတာတွေကိုလည်းတွေ့ရပါတယ်။ လူမျိုးနာမည်ဘယ်လိုဘဲတပ်တပ် အစ္စလာမ်ဘာသာဝင်တိုင်းကို ကုလားလို့ခေါ်နေမယ့်အတူတူတော့ မထူးဇတ်ခင်းတဲ့သဘောနဲ့ ကုလားလို့သာခံယူကြမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ကုလားဆိုတာဟာ ချိုးနှိမ်ခေါ်ဝေါ်ရုံသက်သက်မဟုတ်ဘဲ ပြောင်းရွှေ့လာသူတွေကိုခေါ်တာဖြစ်တဲ့အတွက် ကုလားလို့ ခံယူခြင်းဟာ ပြောင်းရွှေ့လာသူတွေဖြစ်တယ်ဆိုတာကို တရားဝင်လက်ခံလိုက်တဲ့သဘောသက်ရောက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသူတိုင်းဟာ အခြားဒေသတစ်ခုကပြောင်းရွေ့လာသူတွေပါဘဲ၊ အချိန်ကာလဘဲ ကွာတယ်လို့ စောဒက တက်နိုင်စရာရှိပါတယ်။ ဒါဟာ “ပြောင်းရွှေ့လာသူ” ဆိုတဲ့ အဓိပ္ပါယ်သက်မှတ်ချက်အပေါ်မှာ အချိန်ကာလတစ်ခုရဲ့ပိုင်းခြားချက်ဖြစ်ပါတယ်။
ကုလားလို့သာလက်ခံလိမ့်ကြမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကုလားလူမျိုးတွေရှိတယ်ဆိုတာကို အစိုးရက အမြန်ဆုံးအသိအမှတ်ပြုပေးလိမ့်မယ်။ ဒါပေမယ့် ဒီအသိအမှတ်ပြုခြင်းနဲ့အတူ ပြောင်းရွှေ့လာသူတွေ၊ နိုင်ငံခြားမျိုးနွယ်စုတွေ ဆိုတဲ့အမှတ်တံဆိပ်ကလည်း တပါတည်း တွဲပါလာလိမ့်မယ် ဆိုတာကိုတော့ သတိမူသင့်ပါတယ်။ အထက်မှာဖော်ပြခဲ့သလို တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်လာခဲ့တဲ့ လူမျိုးတွေအဖြစ်ခံယူကြမယ်၊ တောင်အာရှ ယဉ်ကျေးမှုကိုလေ့လာလိုက်ကြစားမယ်၊ တောင်အာရှရဲ့ မျိုးရိုးအဖြစ်သာ ရပ်တည်ကြမယ်ဆိုရင် ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် စတဲ့ လူမျိုးစုတွေအဖြစ်နဲ့ရပ်တည်ကြပြီး ကုလားလူမျိုးဆိုတဲ့ ဘုံနာမည်အောက်မှာနေထိုင်နိုင်ကြပါတယ်။ မြန်မာဖြစ်ဖို့အရေး ကုလားသွေးဖောက်ထုတ်ပေးလို့ မရဘူးလို့ခံယူနေကြတဲ့ တောင်အာရှမျိုးချစ်ဝါဒီတွေအနေနဲ့ နိုင်ငံခြားသားလူမျိုးစုတွေအဖြစ်သာရပ်တည်ကြမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ကိုယ့်လမ်းကိုယ်ရွေးပိုင်ခွင့်အပြည့်ရှိပါတယ်။ ဒါပေမယ့် ကုလားလုပ်လို့သူတွေအနေနဲ့ကတော့ တွေ့ရမယ့်ဘေး ကြိုတွေးထားဖို့လိုသလို မြန်မာ့နယ်နမိတ်အတွင်းမှာ သမိုင်းကြောင်းချီပြီး သန္ဓေတည်လာတဲ့ ပသီ၊ ပသျှူး၊ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ မြေဒူး စတဲ့ လူမျိုးတွေရဲ့ ရပ်တည်မှုကို မထိခိုက်မိစေဖို့အတွက် အထူးသတိပြုဖို့လိုအပ်ပါတယ်။

ကပြားပြဿနာ

မြန်မာမွတ်စလင်အကြောင်းပြောရင် ကပြား ဆိုတာက အမြဲပါလာတက်ပါတယ်။ ကမ္ဘာနေ့ရာအနှံ့မှာ 
မတူကွဲပြားတဲ့ လူမျိုးတွေရောထွေးနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးမတူသူတွေအချင်းချင်း ထိမ်းမြှားကြတာဟာ ထူးစမ်းတဲ့ကိစ္စရပ်မဟုတ်ပါဘူး။ မြန်မာမွတ်စလင်တွေကသာ တမူထူးပြီး ကပြား ဇာတိပြနေတာမဟုတ်ပါဘူး။ ကပြားဆိုတာကိုလည်း ရှေ့တန်းတင်ဖို့မလိုအပ်ပါဘူး။ ကပြား ဟုတ်ခြင်း-မဟုတ်ခြင်း ဆိုတာဟာ လူတွေရဲ့သက်မှတ်ချက်သာဖြစ်ပါတယ်။ မျိုးရိုး သတ်မှတ်မှုတွေကိုပြန်ကြည့်တဲ့ အခါမှာ အဖေဖက် နဲ့ အမေဖက် မျိုးရိုးနှစ်ခုလုံးကို တန်းတူညီမျှအသိအမှတ်ပြုတဲ့ Bilateral Rules ကိုလက်ခံကျင့်သုံးသူတွေသာလျှင် ကပြား အဖြစ်ခံယူကြပါတယ်။ ဒီနည်းနာဟာ မျိုးရိုးသက်မှတ်ချက်မှာ တစ်ခုတည်းသောနည်းနာ မဟုတ်သလို မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေကလည်း ဒီနည်းနာအတိုင်းကျင့်သုံးရမယ်လို့ ဥပဒေနဲ့ဘဲဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်းအရဘဲဖြစ်ဖြစ် အတည်တကျသက်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် လူမျိုးမတူသူ မိဘ နှစ်ပါးက ပေါက်ဖွားလာသူတိုင်း ကပြားဖြစ်တယ်လို့ တသက်မှတ်တည်း မှတ်ယူလို့မရပါဘူး။ တချို့က Unilineral Rules လို့ခေါ်တဲ့ မျိုးရိုးတစ်ခုတည်းကိုဘဲ လိုက်တဲ့ နည်းနာတွေအတိုင်းလိုက်ခံကြပါတယ်။ မျိုးရိုးစဉ်ဆက် တစ်လျှောက် အဖေဖက် ဒါမှမဟုတ် အမေဖက် တစ်ခုခုကိုဘဲ အစဉ်တစိုက် လိုက်တာဖြစ်တယ်။ ဒီထဲမှာမှ အဖေဖက်လိုက်တယ်ဆို Patrilineal၊ အမေဖက်လိုက်တယ်ဆိုရင်တော့ Matrilineal လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် အဖေဖက် ကိုဘဲ လိုက်ရမယ်၊ အမေဖက်ကိုဘဲ လိုက်ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်လည်းမရှိပြန်ပါဘူး။ တချို့ကြပြန်တော့ Ambilineal Rule ဆိုတဲ့ အနေနီးတဲ့ ဆွေမျိုးအသိုင်းအဝိုင်းဖက်ကို လိုက်ကြပါတယ်။ အဖေရဲ့အမျိုးတွေကြားမှာကြီးပြင်းလို့ အဖေရဲ့လူမျိုးအဖြစ် ခံယူတာမျိုး၊ အမေရဲ့အမျိုးတွေကြားမှကြီးပြင်းရင် အမေရဲ့လူမျိုးအဖြစ် ခံယူတာမျိုးဖြစ်ပါတယ်။ နောက်တခုကတော့ Double Descent ဆိုတဲ့ နှစ်မျိုးလုံးကို ခွနှင်းတဲ့ သက်မှတ်ချက်လည်းရှိပါသေးတယ်။ အဖေရဲ့အမျိုးတွေကြားရောက်တော့ အဖေရဲ့လူမျိုး၊ အမေရဲ့အမျိုးတွေကြားရောက်တော့ အမေလူမျိုးလုပ်တာမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေဟာ ဒီလို လူမျိုးသက်မှတ်ရာမှာ ဘယ်နည်းနာကိုဘဲ အတည်တကျ ကျင့်သုံးမယ်လို့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ မရှိတဲ့အတွက် မြန်မာမွတ်စလင်တွေကိုလည်း အဖေဖက်ရော အမေဖက်ပါ လိုက်ပြီး အပေါင်းလက္ခဏာတွေနဲ့ လူမျိုးနှစ်ခုစလုံးကိုထည့်ရမယ်လို့ အတင်းအဓ္ဓမ လုပ်လို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အရင်ဆုံး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုဖို့လိုပါတယ်။ ကရင်သွေးစပ်လို့ ကရင်လူမျိုးအဖြစ် ခံယူချင်တယ်ဆိုရင်လည်း ကရင်လူမျိုးအဖြစ် ခံယူပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ကရင်လူမျိုးအဖြစ်ခံယူမယ်ဆိုရင်တော့ ကရင်ရဲ့ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားတက်ဖို့လိုအပ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်း

မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ လက်ရှိအစိုးရကအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ စုထဲက လူမျိုးစုတစ်ခုခုအဖြစ် သန်းခေါင်စာရင်းမှာရွေးချယ်ဖြည့်စွပ်လိုက်တာနဲ့ တိုင်းရင်းသားဖြစ်သွားပြီလို့ မှတ်ယူလို့မရပါဘူး။ ဒါပေမယ့် သန်းခေါင်စာရင်း ထုတ်ပြန်ကြေညာတဲ့အခါမှာ ဘယ်လူမျိုးရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဘယ်ဘာသာကိုကိုးကွယ်တယ်ဆိုပြီး လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာ ယှဉ်တွဲနေလိမ့်မယ်ဆိုတာကို သတိမူသင့်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာမပါပေမယ့် ကိုယ့်ကိုကိုယ် မြန်မာအဖြစ်ခံယူထားကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက လူမျိုးစုနေရာမှာ “အခြားတိုင်းရင်းသားများ” ဆိုတာကိုသာရွေးချယ်ပြီး မိမိသက်ဆိုင်ရာ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး ဆိုတာကို လက်ရေးနဲ့ရေးထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီက မိမိကိုယ်မိမိ တိုင်းရင်းသားဖြစ်ပါတယ်လို့ ကြွေးကြော်လိုက်တာဖြစ်ပါတယ်


ဒါမှမဟုတ် ကုလားအဖြစ်ခံယူပြီး နိုင်ငံခြားသွေးနှောတယ်လို့ လက်ခံထားသူတွေကလည်း “မြန်မာ-နိုင်ငံခြားသွေးနှောများ” ဆိုတာကိုရွေးပြီး မိမိခံယူတဲ့ ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ လူမျိုးတစ် မျိုးမျိုးဘဲဖြစ်ဖြစ်၊ အပေါင်းလက္ခဏာတွေခံပြီး နှစ်မျိုးသုံးမျိုးဘဲဖြစ်ဖြစ် လက်ရေးနဲ့ထည့်ရေးနိုင်ပါတယ်။ သန်းခေါင်စာရင်းဖြည့်တဲ့အခါမှာ ‘မြန်မာ-နိုင်ငံခြားသွေးနှောများ’၊ ‘အိန္ဒိယ’၊ ‘ပါကိစ္စတန်’၊ ‘ဘင်္ဂလားဒေ့ရှ်၊ဘင်္ဂလီ’ အစရှိတဲ့ လူမျိုးတွေကို ရွေးချယ်ထားကြပြီး အစ္စလာမ်ဘာသာဝင်တွေပါဆိုရင်တော့ “မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကိုယ်သူတို့နိုင်ငံခြားသားအဖြစ် ခံယူကြသူတွေ၊ နိုင်ငံသားသွေးနှော သူတွေအဖြစ် ခံယူကြသူတွေ၊ တိုင်းရင်းသားအဖြစ်မရွေးချယ်ကြသူတွေ ပါလို့” တရားဝင်မှတ်တမ်းတင်လိုက်သလိုဖြစ်နေပါလိမ့်မယ်။ ဦးနေဝင်းနဲ့ စစ်အာဏာရှင်တွေ ပေးခဲ့တဲ့ “နိုင်ငံခြားသားသွေးနှောတယ်” ဆိုတဲ့ အယူအဆကို သက်ဆိုးရှည်အောင် အင်အားဖြည့်သလိုဖြစ်သွားမယ်ဆိုတာ သတိပြုကြဖို့ လိုအပ်ပါတယ်။
http://www.m-mediagroup.com/news/21459

“ အစမကောင်းလို့ အနှောင်း မသေခြာ ဖြစ်တော့မယ့် သန်းခေါင်စာရင်း ကောက်ယူရေး ”

စည်သူအောင်မြင့်
 ရန်ကုန်တိုင်းမ် သတင်းစာ။ ၂၀-၁၂-၁၃။ စာ- ၆။



ပြီးခဲတဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNA နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ NBF တို့ ပူးပေါင်းပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီကြေငြာချက်ထဲမှာ လာမယ့် ၂၀၁၄ ဧပြီ အစိုးရက ဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူမယ့် ကိစ္စ၊ အဲလို ကောက်ယူရာမှာ တိုင်းရင်းသားတွေကို (၁၃၅) မျိုးခွဲခြားပြီး ကောက်မယ်ဆိုတာ အပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ ဆက်စပ်တာတွေ ဆွေးနွေးဖို့ လ၀က ၀န်ကြီး ဦးခင်ရီနဲ့ ဇန်န၀ါရီလအတွင်း တွေ့ဆုံချင်တယ်လို့ ဖော်ပြထားပါတယ်။ ပြည်တွင်းက တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ တွေ့ဆုံပြီး သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ပါတ်သက်ပြီး ဘာတွေ ဆွေးနွေးဖြစ်ကြသလဲ၊ အစိုးရ လ၀က ဘက်ကို ဘာတွေ တင်ပြမလဲ၊ အစိုးရဘက်ကရော ဘယ်လို တုန့်ပြန်ထားသလဲ ၊ တိုင်းပြည်မှာ တကယ့် အရေးကြီး လိုအပ်နေတဲ့ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စ အစိုးရ လ၀က ၀န်ကြီးဌာနက ဆောင်ရွက်ထားတာတွေဟာ အစ ကောင်းပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီ ဆွေးနွေးပွဲမှာ UNA နဲ့ NBF အဖွဲ့ဝင် ပါတီတွေ အပါအ၀င် ပါတီ (၂၂) ခုက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး အဓိက ဆွေးနွေးတာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းရင်းသားတွေကို (၁၃၅) မျိုးခွဲခြား ကောက်မယ် ဆိုတဲ့ ကိစ္စ၊ အိမ်ထောင်စု အလိုက် မေးမြန်းမယ့် မေးခွန်း ပုံစံ ၄၁ ခုဟာလည်း ရိုးရှင်းလွယ်ကူမှု မရှိတဲ့ ကိစ္စ၊ တိုင်းရင်းသားတွေဟာ ဗမာစကား ရေလည်အောင် ပြောတတ်သူတွေ မဟုတ်တဲ့အတွက် အဲဒါကို ကူညီလိုတဲ့ကိစ္စ၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမှာ တိုင်းရင်းသားပါတီတွေ ဘယ်လို ပူးပေါင်းပါဝင်ကူညီနိုင်မလဲဆိုတာ အစိုးရဘက်ကို မေးမြန်းဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

အဓိက ဆွေးနွေးတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကို အခြေခံပြီး စာရင်းကောက်မယ့် ကိစ္စဖြစ်ပါတယ်။ တကယ်တော့ ဒီ ကိစ္စ လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားအမတ်တွေ တင်ပြခဲ့ပြီးပါပြီ။ အစိုးရဘက်က ဖြေကြားခဲ့တာနဲ့ ပါတ်သက်ပြီး တိုင်းရင်းသား အတော်များများက လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ဆိုတာဟာ အာဏာရှင် ဦးနေ၀င်း အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ခေတ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ထဲမှာ ဥပမာ ကချင်ကို ၁၆ မျိုး၊ ရှမ်းကို ၃၅ မျိုး၊ လူဦးရေ အလွန်နည်းပါးတဲ့ ချင်းလူမျိုးကိုတောင် အမျိုးပေါင်း ၅၀ ကျော် နဲ့ အကွဲကွဲ အပြားပြား ဖြစ်အောင် ခွဲခြားထားတာ ဖြစ်ပါတယ်။ တစ်ချို့ အခေါ်အဝေါ်ကွဲပြီး တူညီနေတဲ့ လူမျိုးတွေ ပါသလို၊ တစ်ချို့ လူမျိုးတစ်မျိုးတည်း ဖြစ်ပါရက် နေထိုင်ရာ ဒေသ ကွာတာနဲ့ ခွဲခြားထားလိုက်တာမျိုးလည်း အများအပြား ပါပါတယ်။ ပြောရရင် အဓိပ္ပါယ်မဲ့တဲ့၊ တိုင်းရင်းသား အားလုံး လက်မခံနိုင်တဲ့၊ မဟာဗမာ လူမျိုးကြီးဝါဒကို အခြေခံထားတဲ့ ခွဲခြား သတ်မှတ်မှုမျိုးဖြစ်ပါတယ်။

တကယ်တော့ လက်ရှိ တိုင်းပြည်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းကြီး နှစ်ရပ် တစ်ပြိုင်နက်တည်း လုပ်နေရချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ခုလို တိုင်းရင်းသား မျိုးနွယ်စု နာမည်၊ အုပ်စု သတ်မှတ်ရေးဟာ အလွန့်အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လုံးဝ မလုပ်ခဲ့သလို၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း အဲဒီ ပြသနာ စောစောစီးစီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ခုလို နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သန်းခေါင်စာရင်း ကောက်ယူမယ့် လုပ်ငန်း လုပ်ဖို့ စတင်ပြင်ဆင်တုန်းကလည်း လုပ်ဖို့၊ ဒါမှမဟုတ် တိုင်းရင်းသားတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ခုရော ပြင်ဆင်ဖို့ အချိန်မီဦးမှာပါလား။

တိုင်းရင်းသားတွေရဲ့ အဲဒီ ကြေငြာချက် ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၁၈ ရက်ည ဘီဘီစီ မေးမြန်းခန်းတစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ချုပ် ဦးမြင့်ကြိုင်က တိုင်းရင်းသားတွေ အနေနဲ့ အဲဒီ ကိစ္စ ပြင်ချင်ရင် အစိုးရအဖွဲ့ကို တင်ပြပြီး လွှတ်တော်ကို ထပ်တင်တာ ဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် လွှတ်တော်မှာ ပြင်ဆင်ဖို့ ပြင်တာ ဖြစ်ဖြစ် လုပ်နိုင်တဲ့အကြောင်း၊ လွှတ်တော်က သဘောတူရင် ရတဲ့အကြောင်း၊ ဒါပေမယ့် သန်းခေါင်စာရင်း မကောက်ခင်တော့ ပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့အကြောင်း၊ လက်ရှိ သန်းခေါင်စာရင်း ကောက်မယ့် အစီအစဉ်ဟာ ၁၉၇၃၊ ၁၉၈၃ သန်းခေါင်စာရင်း ကောက်ခဲ့တာကို အခြေခံပြီး လုပ်တာဖြစ်တဲ့အကြောင်း ဖြေသွားပါတယ်။ ပြောရရင် သန်းခေါင်စာရင်းကောက်တဲ့ဆီမှာ ဒီ (၁၃၅) မျိုးကို အခြေခံပြီး ကောက်တဲ့ကိစ္စ ပြင်ဆင်ဖို့ အချိန်မမီတော့ဘူး ဆိုတဲ့ သဘောပါပဲ။ သန်းခေါင်စာရင်း ကောက်ပြီးမှ နောက်ပိုင်း လွှတ်တော်က ပြင်ထားတဲ့ လူမျိုးစု ခွဲခြားမှု ပုံစံအတိုင်း တူတာ စုတန်စု ခွဲတန်ခွဲ လုပ်ရမယ်လို့ သူက ပြောသွားတာပါ။

တကယ်တော့ ဒါဟာ တိုင်းရင်းသားတွေ လက်သင့်ခံနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လ၀က ဘက်ကလည်း သန်းခေါင်စာရင်း ကောက်မယ့် အဖွဲ့တွေနဲ့ ပါတ်သက်ပြီး လေ့ကျင့်မှုတွေ၊ ၁၃၅ မျိုးစာရင်း ရိုက်နှိပ်မှုတွေ ဘယ်လောက် လုပ်ပြီးပြီလဲ မသိနိုင်ပါဘူး။ တကယ်တော့ သန်းခေါင်စာရင်း ကောက်ယူရေးမှာ တိုင်းရင်းသားတွေနဲ့ ဆိုင်တာ ဒီ တစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းပြည်မှာ အရေအတွက် အလွန်များပြားနေမယ်လို့ ခန့်မှန်းရတဲ့ သွေးနှော (ဒါမှမဟုတ်) က ပြားတွေကအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်တိုင်းရင်းသား အနေနဲ့ သတ်မှတ် ပြောဆိုမလဲ၊ ဒီ ပြောဆိုမှုတွေကို သန်းခေါင်စာရင်း ကောက်သူတွေက မှန်မှန်ကန်ကန် ဖြည့်စွက်ပါ့မလား ဆိုတာကလည်း အတော် အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စမှာ ပူးပေါင်းပါဝင်ချင်တယ်လို့ ပြောလာကြတာပါ။ သိပ်မကြာသေးခင် အချိန်တုန်းကလည်း ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားတွေကို (၁၃၅) မျိုး ခွဲထားတာ လက်မခံနိုင်ဘူး၊ သူတို့နယ်မြေမှာ သူတို့ပဲ ကောက်ပေးမယ် ဆိုပြီး ကြေငြာချက် ထုတ်ခဲ့ပါသေးတယ်။

ပြောရရင် အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူရေး ကိစ္စဟာ တိုင်းပြည်အတွက် အလွန့်အလွန်အရေးကြီးသလောက် လ၀က ၀န်ကြီးဌာနရဲ့ လုပ်ရပ်ဟာ အစ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် ၃-၄ လ လောက်ကျန်ပါသေးတယ်။ ဒီအတွင်း တိုင်းရင်းသားတွေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းပြီး အမြန် အကောင်အထည် ဖော် ဆောင်ရွက်မှသာ အနှောင်းသေခြာတဲ့ ရလာဒ်ကောင်း ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

(နောက်ဆုံးသတင်းအရ ကချင်တွေကတော့ ကချင်မျိုးနွယ်စုအားလုံးရဲ့ လူမျိုးအမည်ကို သန်းခေါင်စာရင်းမှာ ကချင် တစ်မျိုးတည်းပဲ ဖြည့်စွက်မယ်လို့ ဒီဇင်ဘာ ၁၉ လိုင်ဇာ ဆွေးနွေးပွဲက သဘောထား ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။)