သန်းခေါင်စာရင်း

21 Dec 2013

၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာမွတ်စလင်


ဒီဇင်ဘာ ၁၁၊ ၂၀၁၃
M-Media
ဆောင်းပါးရှင်-O’Laie Manzu


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ဘယ်လူမျိုးအဖြစ် ဖြည့်စွက် သင့်သလဲဆိုတဲ့ အမေးခွန်းအပေါ်မှာ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေပေါ်လာပါတယ်။ ဒီကိစ္စဟာ သမိုင်းတွင်မယ့် အရေးကြီးကိစ္စရပ် တစ်ခုဖြစ်တဲ့ အတွက် ဆွေးနွေးသင့်တယ်။ ငြင်းခုန်သင့်တယ်။ ဒါပေမယ့် အဖြေရှိရာဆီကိုတော့ ဦးတည်သင့်ပါတယ်။ သမိုင်း တလျှောက် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ လူမျိုးရေးကိစ္စ အငြင်းပွားလာခဲ့ကြရင်း ဒီနေ့ဒီအချိန်မှာ မြန်မာမွတ်စလင်တွေ နင်းပြား ပြားနေကြရတယ်။ တစ်စုတစ်စည်းတည်းဖြေရှင်းနိုင်မယ့် အင်အားလည်းမရှိဘူးဖြစ်နေပါတယ်။ ဒီလိုငြင်းကြ ခုံကြရင်း ဒီနင်းပြားဘဝ နှောင်မျိုးဆက်တွေကို အမွေအဖြစ် လက်ဆင့်ကမ်းကြရမယ့်အရေး စိုးရိမ်မိပြီး သုံးသပ်မိသမျှကို အကျဉ်းချုပ်ရေးသားလိုက်ရပါတယ်။

ဘုံအမည်

မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်သာသနာဝင်တွေကို ပသီ၊ ပသီကုလား၊ ဇေတဘာဒီ၊ ကုလား၊ မဟာမေဒင်၊ ဗမာမူဆလင် နဲ့ မြန်မာမွတ်စလင် ဆိုပြီး ဘုံနာမည် အမျိုးမျိုးနဲ့သမိုင်းတလျောက်ခေါ်လာခဲ့တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ဒီဘုံနာမည် တွေထဲမှာမှ ပသီ နဲ့ ဗမာမူဆလင် ကတော့ ဘုံနာမည်အဖြစ်ခေါ် တာရှိသလို ရှေးအကျဆုံး အစ္စလာမ်သာဝင်လူမျိုးစုကနေဆင်းသက်လာတဲ့ သီးခြားလူမျိုးစု တစ်စုကို ခေါ်တဲ့ လူမျိုးစုနာမည်လို့လည်း သက်မှတ်နေကြတာရှိပါတယ်။ ၁၉၄၆ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် (ဗမက) ရဲ့ဆုံးဖြတ်ချက်အရ ဗမာမူဆလင် (အစ္စလာမ်ဘာသာဝင် ဗမာ လူမျိုး) ဆိုတဲ့ ဘုံနာမည်အောက်မှာ ဗမာ လူမျိုးတွေနဲ့တန်းတူ လူများစုအခွင့်အရေးယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ နောက်တော့ နိုင်ငံအမည်ကို အဆွဲပြုပြီး မြန်မာမူဆလင်၊ မြန်မာ မွတ်စလင်လို့ ဖြစ်လာပြန်တယ်။ ဘုံနာမည် အကြောင်းပြောမယ်ဆိုရင် အဓိကထား စဉ်းစားရမယ့် အချက်နှစ်ချက်ရှိတယ်။ ပထမအချက်ကတော့ ဒီဘုံနာမည်ဟာ ဘယ်သူတွေကို ရည်ညွန်း ခေါ်ဝေါ်တဲ့ဘုံနာမည်လဲ ဆိုတာသုံးသပ်ဖို့လိုပါတယ်။ ကိုးကွယ်တဲ့ဘာသာကိုအခြေခံတာလား၊ လူမျိုးစုတွေကိုအခြေခံတာလား၊ မျိုးရိုးဇစ်မြစ်ကိုအခြေခံတာလား၊ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းတစ်ခုကိုအခြေခံတာလား ဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဒီလို ဘုံနာမည် တစ်ခု လိုအပ်သလား ဆိုတာကိုလည်း ခွဲခြားစိတ်ဖြာဖို့လိုပါတယ်။

မြန်မာမွတ်စလင်

၂၀၁၄ သန်းခေါင်စာရင်းကိစ္စဆွေးနွေးကြရင်း ကုလား၊ ပသီ၊ မြန်မာ နဲ့ မြန်မာမွတ်စလင်ဆိုတဲ့ အမည်နာမည်တွေအနက်က ဘုံနာမည်တစ်ခုရဲ့အောက်မှာ တရားဝင် တညီတညွတ်တည်းသုံးစွဲကြဖို့ တိုက်တွန်းတာတွေပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးရေစီးကြောင်းအရ ယခုလက်ရှိသုံးစွဲနေတဲ့ မြန်မာမွတ်စလင်ဆိုတာ လူမျိုးနဲ့ ဘာသာဒွန်တွဲနေတဲ့အတွက် လူမျိုးတစ်ခုအဖြစ်ရပ်တည်ဖို့မရနိုင်ကြောင်း အတော်များများလက်ခံလာတဲ့သဘောရှိပါတယ်။ အကယ်လို့သာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ရည်ညွန်းခေါ်ဝေါ်တဲ့ ဘုံနာမည်ဆိုရင်တော့ “မြန်မာမွတ်စလင်” ဆိုတာ အသင့်တော်ဆုံးပါဘဲ။ ဒါဟာ အစ္စလာမ်ဘာသာဝင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့အမည်တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်လို လူထုကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မြန်မာမွတ်စလင် (မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်) တွေကို ကိုယ်စားပြုဖို့ နိုင်ငံရေးအရလည်း စဉ်းစားဖို့လိုသေးတယ်။ ကိုယ်စားလှယ်ရှိမှလည်း မြန်မာမွတ်စလင်တွေရဲ့အရေး နိုင်ငံရေးစဉ်မြင့်မှာ ပြောဆိုဆွေးနွေးလို့ရမှာကို။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ ဘာသာရေးကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်မဟုတ်တဲ့အတွက် မြန်မာမွတ်စလင်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သီးခြားကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရနိုင်ဖို့ကတော့ သဘာဝမကျပြန်ပါဘူး။ ဒါကြောင့် ဘာသာတူသူတွေကို စုပြီးခေါ်တဲ့ ဘုံအမည်အစား လူမျိုးစုကို အခြေခံတဲ့ ဘုံအမည်အဖြစ် ပြောင်းလဲ စဉ်းစားလာကြခဲ့တယ်။ မြန်မာမွတ်စလင်ဆိုတာ ဘယ်လိုလူတွေလည်း ဆိုတာကို စဉ်းစားလာခဲ့ကြတယ်။ ပသီ၊ ကုလား၊ မြန်မာ ဆိုတဲ့ လူမျိုးစုအမည်ကို စဉ်းစားဖို့ ပေါ်လာတယ်။

ပသီ လူမျိုး

အခုတလော ပသီလူမျိုးအဖြစ်ခံယူကြဖို့ တိုက်တွန်းနေတာတွေပြန်ပေါ်လာတယ်။ ဒါပေမယ့် ခက်တာက ပသီဆိုတာကိုရှု့မြင်တဲ့ အမြင်တွေကလည်း ကွဲနေသေးတယ်။ တချို့က ပသီလူမျိုးဆိုတာ ရှေ့အကျဆုံး တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ဆင်းသက်လာတဲ့ လူမျိုးစုတွေကနေ ပေါက်ဖွားလာတဲ့ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ တချို့ကြပြန်တော့ ပသီဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ ပထန်၊ မယ်မန်၊ ကျူလီယာ၊ စူရ်သီ အစရှိတဲ့လူမျိုးတွေအပါအဝင် တောင်အာရှ လူမျိုးစုတွေနဲ့မျိုးစပ်တဲ့ ကပြားတွေ အားလုံးကို ခြုံငုံခေါ်ဝေါ်တဲ့ ဘုံအမည်ဖြစ်တယ်လို့သက်မှတ်ကြပြန်တယ်။ တနည်းပြောရရင် မြန်မာမွတ်စလင်တွေ အနက်က ပသီလူမျိုးဟာ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့မြင်တဲ့သူတွေရှိသလို မြန်မာမွတ်စလင်တွေအားလုံးပါတဲ့ ဘုံလူမျိုးအမည်တစ်ခုဖြစ်တယ်လို့မြင်နေတာတွေလည်းရှိပါတယ်။
ပသီလူမျိုးရဲ့သမိုင်းကိုပြန်ကြည့်ရင် အာရပ် ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှမျိုးဆက်တွေ လည်းပါတယ်။ မျိုးရိုးဇစ်မြစ်ကိုအခြေခံတယ်လို့ယူဆသူတွေရှိသလို အများအားဖြစ်ကတော့ လက်ရှိမြန်မာနိုင်ငံ အလယ်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ ကိုရောက်ရှိလာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘုံလူမျိုးအဖြစ်ခေါ်ဝေါ်ခဲ့ကြတယ်လိုမှတ်ယူထားကြပါတယ်။ မျက်မှောက်ခေတ်အမြင်အရ ပဒေသရာဇ်ခေတ် ကတည်းက မြန်မာ့နယ်နမိတ်အတွင်းကို ရောက်ရှိနေထိုင်ကြသူတွေအားလုံးဟာ နိုင်ငံသားအဖြစ်မှတ်ယူထားတဲ့အတွက် ပသီတွေဟာ နိုင်ငံခြားသားလို့ သတ်မှတ်လို့ မရပါဘူး။ ပသီတွေဟာ နိုင်ငံခြားသားမဟုတ်တဲ့အတွက် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားပေါင်းစပ်တဲ့ ကပြားတွေလို့လည်း ယူဆလို့မရပါဘူး။ ဒီလိုဘဲ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကလည်း ပဒေသရာဇ်ခေတ် ကတည်းက ပသီတွေနဲ့ ခေတ်ပြိုင်ရှိခဲ့ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းတလျှောက် သီးခြားလူမျိုးစုတွေ အဖြစ်နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကို ပသီလူမျိုးအောက်ထဲ ဆွဲထည့်လိုက်မယ်ဆိုရင် ဘယ်လိုမှ သဘာဝမကျပါဘူး။

တချိန်တည်းမှာ မိမိကိုယ်မိမိ အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှ မျိုးဆက်တွေကနေ ပေါက်ဖွားလာတယ်လို့ ခံယူကြရင်တော့ လွတ်လွတ်လပ်လပ် ပသီလူမျိုးလို့ ခံယူပိုင်ခွင့်ရှိပါတယ်။ ပဒေသရာဇ်ခေတ်မှမဟုတ်ပါဘူး၊ ကိုလိုနီခေတ် အတွင်းမှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ တောင်အာရှ မျိုးနွယ်စုတွေ ကနေပေါက်ဖွားလာသူတွေလည်း ပသီလူမျိုးအြ ဖစ် ခံယူခွင့်ရှိပါတယ်။ လူမျိုးတစ်မျိုးဆိုတာ နေချင်းညချင်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လူမျိုးဆိုတာ အချိန်ကာလနှင့်အမျှပြောင်းလဲတက်တဲ့ Process ဖြစ်တည်မှုမျိုးပါ။ လူအုပ်စု တစ်စုဟာ လူမျိုးတစ်မျိုးအသွင်ဆောင်လာဖို့အတွက် နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီကြာလေ့ရှိပါတယ်။ ပထဝီအနေအထား၊ လူမှုဘဝ၊ ဘာသာစကား၊ ကိုယ်ကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အစရှိတဲ့ပြောင်းလဲမှုတွေနဲ့အတူ လူမျိုးစုတွေဟာလည်းပေါ်လာတက်တယ်၊ ပျောက်ကွယ်သွားတက်တယ်။ ပြောင်းလဲသွားတက်ပါတယ်။ ပသီလူမျိုးဖြစ်တည်မှု Process က အင်္ဂလိပ်-ဗမာ ပထမစစ်ဖြစ်လိုက်တာနဲ့ ရပ်မသွားပါဘူး။ အင်္ဂလိပ်-ဗမာ ပထမစစ် ရဲ့ အရှေ့ပိုင်းတွေ၊ အနောက်ပိုင်းတွေနဲ့ အချိန်ကာလ စည်းမျှဉ်းခြားတာက သက်ဆိုးရှည်ခဲ့တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ အယူအဆသာဖြစ်ပါတယ်။ အင်္ဂလိပ်-ဗမာ ပထမစစ်ပြီးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကိုအခြေခံပြီးပိုင်းခြားတဲ့ တိုင်းရင်သားလူမျိုး-နိုင်ငံခြားသာလူမျိုးဆိုတဲ့ ဦးနေဝင်းရဲ့ခွဲခြားသက်မှတ်မှုနည်းနာအတိုင်းလည်း ရပ်တည်ဖို့မလိုပါဘူး။ ယခုမျက်မှောက်ခေတ်ကိုလည်း ပသီလူမျိုးအသွင်ကူးပြောင်းနေတဲ့ ကာလတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ တောင်အာရှမျိုးဆက်တွေကနေဆင်းသက်လာပြီး မြန်မာ့လူ့ယဉ်ကျေးမူရေစီးကြောင်းအတိုင်းနေထိုင်သူတိုင်းဟာ ပသီလူမျိုးဖြစ်တယ်လို့ ခံယူပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။

မြန်မာ (ဗမာ) လူမျိုး

၁၉၄၆ ခုနှစ် ဇန္နဝါရီလ မှာကျင်းပတဲ့ ဖဆပလ ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံမှာ ဗမာမူဆလင် တွေဟာ လူနည်းစုအခွင့်အရေးအပြည့်အဝရသင့်တယ်၊ ဒီလို လူနည်းစုအခွင့်အရေးအပြည့်အဝရဖို့အတွက်ကိုလည်း ဖဆပလအဖွဲ့ချုပ်ကြီးကတာဝန်ယူတယ် ဆိုပြီး ဆရာကြီးဒီဒုတ်ဦးဘချိုကအဆိုတင်သွင်းခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ် ဒီဇင်ဘာလမှာကျင်းပတဲ့ ဗမကအဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံမှာ လူနည်းစုအခွင့်အရေးကိစ္စနဲ့ပါတ်သက်ပြီး (၃၇)မဲ – (၃၇)မဲ မဲချင်းတိုက်နေတော့ သဘာပတိဖြစ်တဲ့ ဆရာကြီးဦးရာဇတ်က ဘယ်ဘာသာဘဲကိုးကွယ်ကိုးကွယ် ဗမာလူမျိုးဟာ ဗမာလူမျိုးဘဲ ဆိုတဲ့အယူအဆကို လက်ကိုင်ထားပြီး ဗမာလူမျိုးနည်းတူ လူများစုအခွင့်အရေးသာ ရယူသင့်ကြောင်း ဆုံးဖြတ်ပေးခဲ့တယ်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ ရှိရှိသမျှ လူမျိုးစုတွေအားလုံးကို ခြုံငုံပြီး “မြန်မာလူမျိုး” လို့ကျယ်ကျယ်ပြန့်ပြန်အဓိပ္ပါယ်ဖွင့်ကြသလို ဆရာကြီးဦးရာဇာတ်တို့ခေတ်က လက်ခံထားကြတဲ့ “ဗမာလူမျိုး” ဆိုတဲ့ သက်မှတ်ချက်က ကျယ်ပြန့်တယ်။ Inclusive တော်တော်လေးဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဗမာလူမျိုးဆိုတဲ့ သက်မှတ်ချက်ဟာ မျိုးရိုးဗီဇကိုအခြေခံတဲ့ သီးခြားလူမျိုးစုတစ်စုအသွင်ကို ဦးတည်လာခဲ့ပါတယ်။ တချို့ကြပြန်တော့လည်း ဗမာဆိုတာ နိုင်ငံအမည်ကိုဘဲခေါ်တာပါလို့ပြောကြပြန်တယ်။ ဗမာနဲ့မြန်မာ အမည်နာမတွေကိုလက်ခံတဲ့ပုံတွေအပေါ်မှာ အငြင်းပွားမှုတွေဖြစ်လာခဲ့တယ်။ တစ်ဖက်မှာတော့ ဗမာ ဆိုပြီးပြည်မ မှာနေထိုင်ကြတဲ့ လူမျိုးစုတွေနဲ့ တန်းတူရပ်တည်ကြတဲ့ အစ္စလာမ်ဘာသာဝင် ဗမာ (ဗမာ မူဆလင်) တွေဟာ ဗမာအဖြစ်မရပ်တည်ကြတော့ဘဲ နိုင်ငံအမည်နဲ့အတူ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး (မြန်မာမွတ်စလင်) လို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။
တစ်ချိန်က ဒီနိုင်ငံ၊ ဒီနယ်နမိတ်အတွင်းမှာ တမြေတည်းနေ၊ တရေတည်းသောက် အတူတကွနေထိုင်ကြသူတွေကို ဗမာလူမျိုးတွေပါဘဲလို့ တပြေးညီသက်မှတ်ခဲ့ကြပေမယ့် အခုခေတ် မြန်မာလူမျိုး (အချို့အယူအဆအရ ဗမာလူမျိုး) ဆိုတဲ့အထဲမှာတော့ သက်ဆိုင်ရာ လူမျိုးစုကွဲတွေရှိနေပြန်တယ်။ ဒါကို တိုင်းရင်းသားလူမျိုးစုဆိုတဲ့ ကန့်သတ်ချက်တွေချထားတယ်။ တိုင်းရင်းသားဆိုတာကလည်း ဦးနေဝင်းသက်မှတ်ပေးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကို ပေတံတစ်ခုအဖြစ် လက်ရှိတိုင်းတာနေဆဲဖြစ်ပါတယ်။ တချိန်က တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးခဲ့တဲ့ ရခိုင်-စစ်တကောင်း၊ မြန်မာမူဆလင်၊ မြေဒူး၊ မြန်မာ-အိန္ဒိယတွေကိုလည်း မြန်မာတိုင်းရင်းသားစာရင်းကပယ်ဖျက်ခဲ့တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ ဗမာ၊ ကရင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစု ဆိုရင်တော့ အားလုံးတန်းတူ မြန်မာလူမျိုးလို့လက်ခံနိုင်တယ်။ ဒါဟာ ကိုးကွယ်တဲ့ဘာသာအပေါ်အခြေခံတာမဟုတ်ဘဲ လူမျိုးစုအပေါ် အခြေခံတာဖြစ်တယ်။ မြန်မာ့နယ်နမိတ် အတွင်းမှာ သန္ဓေတည်ခဲ့တဲ့ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ မြေဒူး နဲ့ ပသျှူး လူမျိုးတွေကတော့ မြန်မာ့လူမျိုးစုတွေ ဟုတ်မဟုတ်ဆိုတာ ဆက်လက်အငြင်းပွားနေဦးမှာဖြစ်ပါတယ်။ ဒီလူမျိုးစုဝင်တွေအနေနဲ့ အခြားမြန်မာလူမျိုးတွေနည်းတူ တန်းတူအခွင့်အရေးရဖို့အတွက် ဆက်လက်ချည်တက်ရမယ့် တော်လှန်ရေးကြီး တစ်ရပ်ဖြစ်ပါတယ်။ စူရ်သီ၊ မယ်မာန်၊ ကျူလီယာ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်ခဲ့တဲ့ လူမျိုးစုတွေကိုတော့ မြန်မာလူမျိုးအဖြစ် သို့မဟုတ် မြန်မာနိုင်ငံရဲ့ တိုင်းရင်းဌာနေလူမျိုးစုတွေအဖြစ် တရားဝင်လက်ခံပေးမှာမဟုတ်ဘူးဆိုတာ မြင်သာနေပါတယ်။

ကုလား လူမျိုး

တချို့ကတော့ တောင်အာရှမျိုးဆက်ကို ရှေ့တန်းတင်ပြီး ကုလားဆိုတာကိုဘဲ ဘုံလူမျိုးအဖြစ်ရပ်တည်ဖို့ တိုက်တွန်းနေတာတွေကိုလည်းတွေ့ရပါတယ်။ လူမျိုးနာမည်ဘယ်လိုဘဲတပ်တပ် အစ္စလာမ်ဘာသာဝင်တိုင်းကို ကုလားလို့ခေါ်နေမယ့်အတူတူတော့ မထူးဇတ်ခင်းတဲ့သဘောနဲ့ ကုလားလို့သာခံယူကြမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ကုလားဆိုတာဟာ ချိုးနှိမ်ခေါ်ဝေါ်ရုံသက်သက်မဟုတ်ဘဲ ပြောင်းရွှေ့လာသူတွေကိုခေါ်တာဖြစ်တဲ့အတွက် ကုလားလို့ ခံယူခြင်းဟာ ပြောင်းရွှေ့လာသူတွေဖြစ်တယ်ဆိုတာကို တရားဝင်လက်ခံလိုက်တဲ့သဘောသက်ရောက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသူတိုင်းဟာ အခြားဒေသတစ်ခုကပြောင်းရွေ့လာသူတွေပါဘဲ၊ အချိန်ကာလဘဲ ကွာတယ်လို့ စောဒက တက်နိုင်စရာရှိပါတယ်။ ဒါဟာ “ပြောင်းရွှေ့လာသူ” ဆိုတဲ့ အဓိပ္ပါယ်သက်မှတ်ချက်အပေါ်မှာ အချိန်ကာလတစ်ခုရဲ့ပိုင်းခြားချက်ဖြစ်ပါတယ်။
ကုလားလို့သာလက်ခံလိမ့်ကြမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကုလားလူမျိုးတွေရှိတယ်ဆိုတာကို အစိုးရက အမြန်ဆုံးအသိအမှတ်ပြုပေးလိမ့်မယ်။ ဒါပေမယ့် ဒီအသိအမှတ်ပြုခြင်းနဲ့အတူ ပြောင်းရွှေ့လာသူတွေ၊ နိုင်ငံခြားမျိုးနွယ်စုတွေ ဆိုတဲ့အမှတ်တံဆိပ်ကလည်း တပါတည်း တွဲပါလာလိမ့်မယ် ဆိုတာကိုတော့ သတိမူသင့်ပါတယ်။ အထက်မှာဖော်ပြခဲ့သလို တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်လာခဲ့တဲ့ လူမျိုးတွေအဖြစ်ခံယူကြမယ်၊ တောင်အာရှ ယဉ်ကျေးမှုကိုလေ့လာလိုက်ကြစားမယ်၊ တောင်အာရှရဲ့ မျိုးရိုးအဖြစ်သာ ရပ်တည်ကြမယ်ဆိုရင် ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် စတဲ့ လူမျိုးစုတွေအဖြစ်နဲ့ရပ်တည်ကြပြီး ကုလားလူမျိုးဆိုတဲ့ ဘုံနာမည်အောက်မှာနေထိုင်နိုင်ကြပါတယ်။ မြန်မာဖြစ်ဖို့အရေး ကုလားသွေးဖောက်ထုတ်ပေးလို့ မရဘူးလို့ခံယူနေကြတဲ့ တောင်အာရှမျိုးချစ်ဝါဒီတွေအနေနဲ့ နိုင်ငံခြားသားလူမျိုးစုတွေအဖြစ်သာရပ်တည်ကြမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ကိုယ့်လမ်းကိုယ်ရွေးပိုင်ခွင့်အပြည့်ရှိပါတယ်။ ဒါပေမယ့် ကုလားလုပ်လို့သူတွေအနေနဲ့ကတော့ တွေ့ရမယ့်ဘေး ကြိုတွေးထားဖို့လိုသလို မြန်မာ့နယ်နမိတ်အတွင်းမှာ သမိုင်းကြောင်းချီပြီး သန္ဓေတည်လာတဲ့ ပသီ၊ ပသျှူး၊ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ မြေဒူး စတဲ့ လူမျိုးတွေရဲ့ ရပ်တည်မှုကို မထိခိုက်မိစေဖို့အတွက် အထူးသတိပြုဖို့လိုအပ်ပါတယ်။

ကပြားပြဿနာ

မြန်မာမွတ်စလင်အကြောင်းပြောရင် ကပြား ဆိုတာက အမြဲပါလာတက်ပါတယ်။ ကမ္ဘာနေ့ရာအနှံ့မှာ 
မတူကွဲပြားတဲ့ လူမျိုးတွေရောထွေးနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးမတူသူတွေအချင်းချင်း ထိမ်းမြှားကြတာဟာ ထူးစမ်းတဲ့ကိစ္စရပ်မဟုတ်ပါဘူး။ မြန်မာမွတ်စလင်တွေကသာ တမူထူးပြီး ကပြား ဇာတိပြနေတာမဟုတ်ပါဘူး။ ကပြားဆိုတာကိုလည်း ရှေ့တန်းတင်ဖို့မလိုအပ်ပါဘူး။ ကပြား ဟုတ်ခြင်း-မဟုတ်ခြင်း ဆိုတာဟာ လူတွေရဲ့သက်မှတ်ချက်သာဖြစ်ပါတယ်။ မျိုးရိုး သတ်မှတ်မှုတွေကိုပြန်ကြည့်တဲ့ အခါမှာ အဖေဖက် နဲ့ အမေဖက် မျိုးရိုးနှစ်ခုလုံးကို တန်းတူညီမျှအသိအမှတ်ပြုတဲ့ Bilateral Rules ကိုလက်ခံကျင့်သုံးသူတွေသာလျှင် ကပြား အဖြစ်ခံယူကြပါတယ်။ ဒီနည်းနာဟာ မျိုးရိုးသက်မှတ်ချက်မှာ တစ်ခုတည်းသောနည်းနာ မဟုတ်သလို မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေကလည်း ဒီနည်းနာအတိုင်းကျင့်သုံးရမယ်လို့ ဥပဒေနဲ့ဘဲဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်းအရဘဲဖြစ်ဖြစ် အတည်တကျသက်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် လူမျိုးမတူသူ မိဘ နှစ်ပါးက ပေါက်ဖွားလာသူတိုင်း ကပြားဖြစ်တယ်လို့ တသက်မှတ်တည်း မှတ်ယူလို့မရပါဘူး။ တချို့က Unilineral Rules လို့ခေါ်တဲ့ မျိုးရိုးတစ်ခုတည်းကိုဘဲ လိုက်တဲ့ နည်းနာတွေအတိုင်းလိုက်ခံကြပါတယ်။ မျိုးရိုးစဉ်ဆက် တစ်လျှောက် အဖေဖက် ဒါမှမဟုတ် အမေဖက် တစ်ခုခုကိုဘဲ အစဉ်တစိုက် လိုက်တာဖြစ်တယ်။ ဒီထဲမှာမှ အဖေဖက်လိုက်တယ်ဆို Patrilineal၊ အမေဖက်လိုက်တယ်ဆိုရင်တော့ Matrilineal လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် အဖေဖက် ကိုဘဲ လိုက်ရမယ်၊ အမေဖက်ကိုဘဲ လိုက်ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်လည်းမရှိပြန်ပါဘူး။ တချို့ကြပြန်တော့ Ambilineal Rule ဆိုတဲ့ အနေနီးတဲ့ ဆွေမျိုးအသိုင်းအဝိုင်းဖက်ကို လိုက်ကြပါတယ်။ အဖေရဲ့အမျိုးတွေကြားမှာကြီးပြင်းလို့ အဖေရဲ့လူမျိုးအဖြစ် ခံယူတာမျိုး၊ အမေရဲ့အမျိုးတွေကြားမှကြီးပြင်းရင် အမေရဲ့လူမျိုးအဖြစ် ခံယူတာမျိုးဖြစ်ပါတယ်။ နောက်တခုကတော့ Double Descent ဆိုတဲ့ နှစ်မျိုးလုံးကို ခွနှင်းတဲ့ သက်မှတ်ချက်လည်းရှိပါသေးတယ်။ အဖေရဲ့အမျိုးတွေကြားရောက်တော့ အဖေရဲ့လူမျိုး၊ အမေရဲ့အမျိုးတွေကြားရောက်တော့ အမေလူမျိုးလုပ်တာမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေဟာ ဒီလို လူမျိုးသက်မှတ်ရာမှာ ဘယ်နည်းနာကိုဘဲ အတည်တကျ ကျင့်သုံးမယ်လို့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ မရှိတဲ့အတွက် မြန်မာမွတ်စလင်တွေကိုလည်း အဖေဖက်ရော အမေဖက်ပါ လိုက်ပြီး အပေါင်းလက္ခဏာတွေနဲ့ လူမျိုးနှစ်ခုစလုံးကိုထည့်ရမယ်လို့ အတင်းအဓ္ဓမ လုပ်လို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အရင်ဆုံး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုဖို့လိုပါတယ်။ ကရင်သွေးစပ်လို့ ကရင်လူမျိုးအဖြစ် ခံယူချင်တယ်ဆိုရင်လည်း ကရင်လူမျိုးအဖြစ် ခံယူပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ကရင်လူမျိုးအဖြစ်ခံယူမယ်ဆိုရင်တော့ ကရင်ရဲ့ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားတက်ဖို့လိုအပ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်း

မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ လက်ရှိအစိုးရကအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ စုထဲက လူမျိုးစုတစ်ခုခုအဖြစ် သန်းခေါင်စာရင်းမှာရွေးချယ်ဖြည့်စွပ်လိုက်တာနဲ့ တိုင်းရင်းသားဖြစ်သွားပြီလို့ မှတ်ယူလို့မရပါဘူး။ ဒါပေမယ့် သန်းခေါင်စာရင်း ထုတ်ပြန်ကြေညာတဲ့အခါမှာ ဘယ်လူမျိုးရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဘယ်ဘာသာကိုကိုးကွယ်တယ်ဆိုပြီး လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာ ယှဉ်တွဲနေလိမ့်မယ်ဆိုတာကို သတိမူသင့်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာမပါပေမယ့် ကိုယ့်ကိုကိုယ် မြန်မာအဖြစ်ခံယူထားကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက လူမျိုးစုနေရာမှာ “အခြားတိုင်းရင်းသားများ” ဆိုတာကိုသာရွေးချယ်ပြီး မိမိသက်ဆိုင်ရာ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး ဆိုတာကို လက်ရေးနဲ့ရေးထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီက မိမိကိုယ်မိမိ တိုင်းရင်းသားဖြစ်ပါတယ်လို့ ကြွေးကြော်လိုက်တာဖြစ်ပါတယ်


ဒါမှမဟုတ် ကုလားအဖြစ်ခံယူပြီး နိုင်ငံခြားသွေးနှောတယ်လို့ လက်ခံထားသူတွေကလည်း “မြန်မာ-နိုင်ငံခြားသွေးနှောများ” ဆိုတာကိုရွေးပြီး မိမိခံယူတဲ့ ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ လူမျိုးတစ် မျိုးမျိုးဘဲဖြစ်ဖြစ်၊ အပေါင်းလက္ခဏာတွေခံပြီး နှစ်မျိုးသုံးမျိုးဘဲဖြစ်ဖြစ် လက်ရေးနဲ့ထည့်ရေးနိုင်ပါတယ်။ သန်းခေါင်စာရင်းဖြည့်တဲ့အခါမှာ ‘မြန်မာ-နိုင်ငံခြားသွေးနှောများ’၊ ‘အိန္ဒိယ’၊ ‘ပါကိစ္စတန်’၊ ‘ဘင်္ဂလားဒေ့ရှ်၊ဘင်္ဂလီ’ အစရှိတဲ့ လူမျိုးတွေကို ရွေးချယ်ထားကြပြီး အစ္စလာမ်ဘာသာဝင်တွေပါဆိုရင်တော့ “မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကိုယ်သူတို့နိုင်ငံခြားသားအဖြစ် ခံယူကြသူတွေ၊ နိုင်ငံသားသွေးနှော သူတွေအဖြစ် ခံယူကြသူတွေ၊ တိုင်းရင်းသားအဖြစ်မရွေးချယ်ကြသူတွေ ပါလို့” တရားဝင်မှတ်တမ်းတင်လိုက်သလိုဖြစ်နေပါလိမ့်မယ်။ ဦးနေဝင်းနဲ့ စစ်အာဏာရှင်တွေ ပေးခဲ့တဲ့ “နိုင်ငံခြားသားသွေးနှောတယ်” ဆိုတဲ့ အယူအဆကို သက်ဆိုးရှည်အောင် အင်အားဖြည့်သလိုဖြစ်သွားမယ်ဆိုတာ သတိပြုကြဖို့ လိုအပ်ပါတယ်။
http://www.m-mediagroup.com/news/21459

No comments:

Post a Comment