သန်းခေါင်စာရင်း

8 Feb 2014

မြိတ်မြို့မှာ ပြုလုပ်တဲ့ ၂၀၁၄ သန်းခေါင်းစာရင်း ပညာပေးရှင်းလင်းပွဲ

သန်းခေါင် စာရင်းအကြောင်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ရန်ကုန်မြို့ မှရောက်ရှိလာသော ဒေါက်တာမြင့်သိန်း( ငြိမ်းချမ်းလုလင် ) တင်ပြရှင်းလင်း

 ဖေဖော်ဝါရီလ (၂) ရက်နေ့ပြုလုပ်ခဲ့သော 2014 ခုနှစ်လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်း ရှင်းလင်းတင်ပြခြင်းအခမ်း အနားတွင် ရန်ကုန်မြို့မှ ရောက်ရှိလာသော ဒေါက်တာမြင့်သိန်း( ခ ) မုဖ်သီဦးမြင့်သိန်း ( ငြိမ်းချမ်းလုလင် ) မှ တင်ပြရှင်းလင်းခဲ့ပါတယ်။

ကန်ခေါင်းရပ်၊ အ.မ.က ( ၈ ) မှာပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းအကြောင်း ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှစိုး၊ မြို့နယ် ဦးစီးမှူး ဦးနေလင်း ၊ စာရေးဆရာဒေါက်တာ
မြင့်သိန်း ( ခ ) မုဖ်သီ ဦးမြင့်သိန်း ( ငြိမ်းချမ်းလုလင် )တို့ရောက်ပြီးရှင်းလင်း တင်ပြခဲ့ပါတယ်။အဲဒီအခမ်းအနားကို တက်ရောက်နားထောင်ခဲ့သူ (၄၀၀) ကျော် ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ခရိုင်လ၀ကဦးစီးမှူး နှင့် မြို့နယ်လ၀က ဦးစီးမှူးတို့မှ သန်းခေါင်းစာရင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီအစီအစဉ်ကို ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက် ( PCN) မှ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာမွတ်စလင်များရဲ့ အခန်းကဏ္ဍ အတွက် ဒေါက်တာ မြင့်သိန်းမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိ တဲ့ အစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်တဲ့သူတွေထဲမှာ ပသျှူး၊ ပထန်၊အိန္ဒိယ၊ တရုတ် ( ပန်းသေး ) ၊ ဘင်္ဂါလီ ကပြားအနည်းငယ်တို့ပါဝင်နေပြီး ဘိတ်တိုင်းရင်းသား၊ ထားဝယ်တိုင်းရင်းသားများလည်းပါဝင်နေတယ်လို့သိရ ပါတယ်။ တိုင်းရင်းသား/နိုင်ငံသားများအနေဖြင့် မိမိတို့ မိဘ မျိုးရိုးအမည်များ ကို သန်းခေါင်စားရင်ကောက်ယူသည့်အခါ  မျိုးရိုးအမှန်ပြောတတ်ရန်လိုပြီး မျိုးရိုးအမည်တစ်ခုတည်းကိုသာ ပေးရန်လိုအပ်ပါတယ်။

ဥပမာ- အိန္ဒိယနှင့် ဗမာစပ်ထားသည့် ကပြားတစ်ဦးအနေဖြင့် အိန္ဒိယလို့ပြောနိုင်ပေမယ့်.ဗမာလို့ လည်းပြောနိုင်ပါတယ်..ဒါမှမဟုတ် မြန်မာမွတ်စလင်လို့လည်းပြောနိုင်ပါတယ် လူမျိုး- မြန်မာမွတ်စလင် ၊ ကိုးကွယ်သည့်ဘာသာ- အစ္စလာမ် ၊ နိုင်ငံသား-မြန်မာနိုင်ငံသားလို့ပြောနိုင်ပါတယ်။

အလားတူပဲ ဘိတ်သားဆိုပါ ကလည်း လူမျိုး - မြိတ်လူမျိုး ၊ ကိုးကွယ်သည့်ဘာသာ-အစ္စလာမ်၊ နိုင်ငံသား- မြန်မာနိုင်ငံသား လို့ပြောနိုင်ပါတယ်။

ပသီ ( ခ ) မြန်မာမွတ်စလင် ဆိုတဲ့လူမျိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀) ကျော်ကတည်းကတည်ရှိလာတဲ့ နိုင်ငံတော် ပြန်တမ်းဝင် တိုင်းရင်းသားဖြစ်ပါတယ်။ ပသီဘုရင်များရှိသလို ပသီတိုင်းရင်းသား အမှုထမ်းများစွာ ရှိခဲ့ပါတယ် မည်သည့် အစ္စလာမ်ဘာသာကိုကိုးကွယ်သည့် လူမျိုးဖြစ်ပါစေ. တိုင်းရင်းသူ/သားများနှင့် အိမ်ထောင်ကျပြီး မြန်မာနိုင်ငံတွင်မွေးဖွားလာသည့် သူများကို ပသီ ( ခ ) မြန်မာမွတ်စလင် လို့ခေါ်ပါတယ်ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့သူများ အနေဖြင့် ဘိတ်သားစစ်စစ်၊ ထားဝယ်သားစစ်စစ်များ အနေဖြင့် မြိတ်တိုင်းရင်းသား၊ ထားဝယ်တိုင်းရင်းသား လို့ ပြောနိုင်သလို၊ ဘိတ်သား/ထားဝယ်သားများနှင့် တခြားလူမျိုးတစ်မျိုးနှင့် ကပြားဖြစ်တဲ့သူတွေအနေနှင့်လည်း မြိတ်တိုင်းရင်းသား ၊ထားဝယ် တိုင်းရင်းသားလို့ပြောနိုင်ပါတယ်။ ဒါမှမဟုတ် မြန်မာမွတ်စလင်လို့လည်းပြောခွင့်ရှိပါတယ်။ မြိတ်ဘက်မှာဆိုရင် ပသျှူး ၊ ပသျှူးကပြား၊ တရုတ်ကပြား၊ ပထန်ကပြား၊ အိန္ဒိယကပြား၊ အာရပ်ကပြား၊ ဘင်္ဂါလီကပြားများရှိပါတယ် ..

အဲဒါအားလုံးဟာ မြန်မာမွတ်စလင်ဆိုတဲ့ လူမျိုးကြီးအောက်မှာခံယူပြီးမြန်မာ မွတ်စလင်လို့ပြောဆိုနိုင် ပါတယ်။ တစ်ကယ်လို့ ဘင်္ဂါလီ- အိန္ဒိယ၊ပထန်၊ တရုတ် လို့ လူမျိုးတစ်လုံးတည်းဖြေလိုက်ရင် နိုင်ငံခြားသားဆိုတဲ့ စာရင်းထဲပါသွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်မိမိတို့မိသားစုထဲမှာ တိုင်ပင်ကြပြီး မြန်မာမွတ်စလင် ( သို့  )  တိုင်းရင်းသားတစ်ခုခုနှင့် ကပြားဖြစ် ထားပါက အဲဒီတိုင်းရင်းသား လူမျိုးအမည်ကို ပြောဆိုထည့်သွင်းနိုင်ကြောင်းသိရပါတယ်။သန်းခေါင်စာရင်းကောက်သူမှ မိမိတို့ပြောဆိုသည့်အပေါ် စောဒ ကတက်မည်မဟုတ်ဘဲပြောသည့် အတိုင်း ရေးမှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်ကွက်လျှင် ကျောင်းဆရာမ တစ်ဦးသာ လာရောက်ကောက်ယူမည်ဖြစ်ပြီး အထောက်အကူပြုတစ်ဦးသာ ပါလာမည်ဖြစ်ပါတယ်။ သက်ဆိုင်ရာ လ၀က မှ လိုက်ပါလာမည် မဟုတ်ပဲ မိမိ တို့ပြောဆိုသည့် လူမျိုး အမည်ကို မိမိတို့  တာဝန်ယူရမည်ဖြစ်ပါတယ်။ဒါကြောင့် မိမိတို့မျိုးရိုးအမည်ကို လိမ်လည်ပြောဆိုစရာ မလိုသလို..ကြောက်ရွံ့ ပြီးလည်း အမှန်ကို အမှားဖြစ်အောင်ပြောဆိုစရာ မလိုပါ..မိမိဘာလူမျိုးဖြစ် သည်ကို ရဲရဲဝံ့ဝံ့ပြောဆိုရပါမည်။ သို့ရာတွင် အမှန်ဖြစ်ရန်လိုပါကြောင်း တင်ပြလိုက်ပါသည်။

မြန်မာမွတ်စလင်များ၏အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး လိုက်လံရှင်းလင်းတင်ပြနေသူ ဒေါက်တာမြင့်သိန်းမှာ မြိတ်မြို့တွင် တင်ပြရှင်း လင်းပြီးနောက်..ကော့သောင်းမြို့ ၊ ထိုင်းနိုင်ငံ ရနှောင်းမြို့ နှင့် ထားဝယ်မြို့ တို့သို့ဆက်တိုက်သွားရောက်ကာ ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်းသိရပါတယ်။

သတင်းနှင့်ဓါတ်ပုံ -ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း FB စာမျက်နှာ Link http://goo.gl/0tFb7l

7 Feb 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် မြန်မာမွတ်စလင် လူမျိုးစုများ

အစ္စလာမ် ဘာသာဝင် လေ့လာသူတဦးရဲ့ မြန်မာနိင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအတွက် ၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဆွေးနွေးတင်ပြထားချက်ဖြစ်ပါသည်။

Image via Myanmar Muslim Media


5 Feb 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် ဇိုဟူသောအမည်ဖြင့် ထည့်နိုင်ရေး စည်းရုံးရေးလုပ်မည်

ရွှေရည်ဝင်းထက်|ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။


ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရာတွင် ဇိုဟူသောမျိုးနွယ်စုအမည်ဖြင့် စာရင်းမှန်ရရှိနိုင်ရန် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းတွင် ဇိုမျိုးနွယ်စုများ အများဆုံးရှိသော မြို့နယ်မျုားသို့ သွားရောက်ကာ စည်းရုံးမှုများ ပြုလုပ်သွားမည်ဟု ဇိုမျိုးနွယ်စုကိုယ်စားပြု ဦးကမ်းခင်းဒါးလ်က ပြောသည်။

ဇိုမျိုးနွယ်စုများအနေဖြင့် ပထမဦးဆုံး ကလေးမြို့သို့ သွားရောက်ပြီး လူထုနှင့်တွေ့ဆုံ၍ စည်းရုံးမှုများ ပြု လုပ်မည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ခံရာတွင် ဇိုလူမျိုးစု၏ ကုတ်နံပါတ်အမှန်ကို ပြောပြကာ တစ်မြို့ နယ်တွင် ကိုယ်စားလှယ်သုံးဦးဖြင့် သန်းခေါင်စာရင်းတွင် ဖြည့်မည့်ပုံစံကို ပြသမည်ဖြစ်သည်။

“ကျွန်တော်တို့ လူဦးရေတစ်ဦးတစ်ယောက်ကိုမှ မမှားစေချင်ဘူး။ မှားရင် ကျွန်တော်တို့ပဲ ဆုံးရှုံးနစ်နာ မှာ။ ဒါကြောင့် စည်းရုံးရေးဆင်းတာပါ”ဟု ဇိုမျိုးနွယ်စုကိုယ်စားပြု ဦးကမ်းခင်းဒါးလ်က ပြောသည်။

လူမျိုးစုစာရင်း ကုတ်နံပါတ် ၄၂၄ ပိုင်ရှင် တီးတိန်လူမျိုးများသည် လူမျိုးစုစာရင်းကုတ်နံပါတ် ၄၂၁ ပိုင်ရှင် ဇိုလူမျိုးအမည်နောက်တွင် မီးကို ပြန်ထည့်ကာ ဇိုမီးလူမျိုး ကုတ်အသစ် ပြန်လည်လျှောက်ထားလိုခြင်း သည် သူတစ်ပါးကို ထိခိုက်စေခြင်း၊ အနိုင်ကျင့်ခြင်းသာ ဖြစ်သောကြောင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ် သော လူ့အခွင့်အရေးကို ချိုးဖောက်မှုနှင့် ဇိုလူမျိုးတို့ကိုယ်စား ချင်းလူထုက လုံးဝကန့်ကွက်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“ဇိုလူမျိုးဆိုတာ အရင်ကတည်းကရှိတယ်။ ZCD ပါတီက ဇိုလူမျိုးကို ဇိုမီးလူမျိုးလို့ သတ်မှတ်ကြေညာတဲ့ အတွက် ကန့်ကွက်တာပါ။ ဇိုလူမျိုးကို ဖျက်ပစ်မယ့်သဘောလို့ ခံစားရတယ်။ လက်မခံနိုင်ဘူး။ ဇိုကို ဇိုမီး လို့ သုံးစွဲတော့မယ်ဆိုရင် လက်မခံနိုင်ဘူး”ဟု ဦးကမ်းခင်းဒါးလ်က ပြောသည်။

ချင်းပြည်နယ်ရှိ လူမျိုးနွယ်စုများ အားလုံးကို ချင်းလူမျိုးဟုခေါ်တွင်ရန် စည်းစည်းလုံးလုံး သဘောတူညီ ချက်ကို ဖောက်ဖျက်ကာ လူမျိုးစုစာရင်း ကုတ်နံပါတ် ၄၂၄ ပိုင်ရှင် တီးတိန်လူမျိုးများသည် ချင်းလူမျိုးဟု မခေါ်တွင်လိုဘဲ ခွဲထွက်လိုခြင်းသည် ပြည်ထောင်စုတိုင်းရင်းသားတို့၏ ညီညွတ်ရေးကို ပျက်ပြားစေမည် ဖြစ်သောကြောင့် ချင်းလူထုကလုံးဝကန့်ကွက်သည်ဟု ဇိုတစ်မျိုးသားလုံးကိုယ်စားပြု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇိုမျိုးနွယ်စုများသည် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ စစ် ကိုင်းတိုင်းအတွင်းရှိ ကလေးမြို့နယ်နှင့် တမူးမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

Mizzima

29 Jan 2014

မြန်မာမွတ်စလင်တွေကို သန်းခေါင် စာရင်းမှ စာရင်းဖျောက်ခြင်း (STATISTICAL GENOCIDE)

စက်တင်ဘာ ၁၇
ဆောင်းပါးရှင်- အောင်တင်


တခါတခါ စဉ်းစားမိတယ်။

မြန်မာ့ဒီမိုခေါင်းဆောင် ဆိုသူတွေနဲ့ အစိုးရလုပ်သူတွေဟာ အိပ်ပျော်နေရင်း လမ်းလျှောက်နေကြသူတွေလား။ အိပ်ပျော်ချင်ယောင်ဆောင်ပြီး လမ်းလျှောက်ပြနေ သူတွေလား။

အခြားနေရာတွေမှာသာ ဒီမိုခေါင်းဆောင်တွေနဲ့ အစိုးရတို့ သဘောထား မတူတာ ရှိချင် ရှိနေမယ်။ မြန်မာပြည်က မွတ်စလင်တွေနဲ့ ပတ်သက်ရင် အများစုကြီးက အိပ်လျှက်ဖြစ်ဖြစ်၊ အိပ်ချင်ယောင်ဆောင်လို့ဖြစ်ဖြစ် လမ်းလျှောက်ပြနေကြတာကတော့ တူကြတယ်။ Truth is Bitter. အမှန်တရားဆိုတာ ခါးသီးတယ်လို့ ဆိုပါတယ်။

တစ်ချိန်က မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာစတဲ့ တိုင်းရင်းသား အမည်စာရင်းဝင်သူတွေ အကုန်လုံးကို ၁၉၈၂နိုင်ငံသား ဥပဒေအရဆိုပြီး အရှင်လတ်လတ် ဘင်္ဂါလီနဲ့ စပ်ပစ်လိုက်တာ တချို့ဆိုရင် လူမျိုးရှစ်မျိုးလောက်စပ်ပြီး (ဥပမာ – ဘင်္ဂါလီ+ရှမ်း+မွန်+ကရင်+မြန်မာ+ပလောင်+ချင်း+ကချင် လူမျိုးလို့) မှတ်ပုံတင်မှာ တရားဝင် စာရင်းပေါက်နေကြပါပြီ။ ကိုယ့်ကိုကိုယ် ဘာလူမျိုးဖြစ်ကြောင်း ပြောချင်ရင် ရေသောက်ပြီး၊ နားပြီးမှ ပြောလို့ ရတော့မဲ့ကိန်းဘဲ။ တပ်မတော်က မဟာဦးနှောက်နဲ့ တီထွင် ထားသော ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ အံ့ဘွယ် လူမျိုးအမည်တွေ ဖြစ်ပါတယ်။ ဒါက လက်တွေ့ဖြစ်ရပ်တွေပါ။ စိတ်ကူးယဉ် မဟုတ်ဘူး။ ဒီလူတွေကို သန်းခေါင်စာရင်းမှာ ဘယ်လို အမည်စာရင်းသွင်းကြမလဲ။

ဒီမွတ်စလင်တွေထဲကဘဲ တဖအေ၊ တမအေထဲက မွေးချင်းချင်း အတူတူ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ဗုဒ္ဓဘာသာကို ပြောင်းကိုးကွယ်သွားရင် ဦးခင်ရီတို့က မြန်မာလူမျိုးလုပ်ပြီး ဆွဲစားလိုက်တယ်။ မွတ်စလင်ဖြစ်နေဆဲဆိုရင် ဘင်္ဂါလီနဲ့ စပ်ပြီး ကပြားလုပ်ပစ်လိုက်တယ်။ ဖအေ၊ မအေ ဗုဒ္ဓဘာသာ မြန်မာ ကမွေးပြီး နောက်ပိုင်းမှာ အစ္စလာမ်ကို ပြောင်းလဲကိုးကွယ်သူ ဖြစ်ရင်လည်း မူလမြန်မာလူမျိုး အဖြစ်ကနေပြီး ဘင်္ဂါလီကပြားလို့မှတ်ပုံတင်မှာ နောင်ကျဉ်သွားအောင် ကန်ထုတ်ပစ်လိုက်ပြန်ရော။ ဘာသာပြောင်းရင် လူမျိုးပြောင်းတယ်တဲ့ဗျာ။ အံ့ရော။ ၁၉၈၂ခုနှစ်ကတည်းက ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် မဟာလူမျိုးကြီးဝါဒ အသက်သွင်းရေးကို ဗြောင်အသုံးချနေသော ကမ္ဘာပေါ်က တစ်ခုတည်းသော လူမျိုးရေးအစွန်းရောက်နိုင်ငံ (Racist State)ပါ။ အတော်လေးကို အရှက်နဲကြပါတယ်။

မြန်မာပြည်ထဲကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဝင်ရောက်လာတာ လူမျိုးတစ်ဒါဇင်တောင် မရှိပါဘူး။ လူမျိုးချင်းစပ်ပြီး ကပြားတွေ ပေါက်ဖွားလာလိုက်တာ တိုင်းရင်းသားလူမျိုး (၁၄၄)ဖြစ်ခဲ့တယ်။ ဒီထဲက ကပြားချင်းအတူတူ အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ မြေဒူး၊ ပသျှူး၊ ပန်းသေးစသူတွေကို တမင်ရွေးပြီး စစ်အစိုးရက မိမိသဘောနဲ့ တိုင်းရင်းသားစာရင်းက ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် အစ္စလာမ်သာသနာဝင် မြန်မာတိုင်းရင်းသားတွေဟာ အရှင်လတ် လတ် နေ ရင်းထိုင်ရင်းနဲ့ ခိုးဝင်လာသူ၊ နိုင်ငံမဲ့သူ၊ ဧည့်သည်တွေ၊ နိုင်ငံခြားသားတွေသဖွယ် အနှိမ်ခံနေကြရတာ ကြာပါပြီ။

တိုင်းရင်းသားဖြစ်ပြီးသူတွေကို တိုင်းရင်းသားစာရင်းက ပယ်ဖျက်ဖို့ ကမ္ဘာပေါ်မှာ ဘယ်လိုအစိုးရမျိုးမှာမှ လုပ်ပိုင်ခွင့်အာဏာ မရှိဘူး။ အဲဒီ စစ်အစိုးရ ဗိုလ်ချုပ်တွေ မမွေးခင် ပဝေသဏီကတည်းက တိုင်းရင်းသားဖြစ်နေသူတွေကို မနေ့တနေ့ကမှ မွေးလာတဲ့ ဗိုလ်ချုပ်တွေက မွတ်စလင်ဖြစ်ခြင်းကြောင့် တိုင်းရင်းသား မဟုတ်တော့ ဘူး လုပ်လာတာကို ကျနော်တို့ လုံးဝ လက်မခံပါဘူး။

၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက် အစိုးရအဆက်ဆက်က ချမှတ်ထားတဲ့ မူများအရ အစ္စလာမ်သာသနာဝင်တွေကို အစိုးရဌာနတွေမှာ အလုပ်မခန့် ချင်ကြဘူး။ အဆင့်မြင့်ပညာသင်ကြားရေးမှာ ပိတ်ဆို့ခံနေရတယ်။ တရားခွင်တွေ၊ အစိုးရရုံးတွေ၊ ရဲဌာနတွေမှာ ပိုမိုခွဲခြား ဖိနှိပ်ခံနေကြရ တယ်။ နိုင်ငံသားမှတ်ပုံတင် ရရှိရေးလည်း ခက်ခဲလာတယ်။ ခရီးသွားရာမှာ အစော်ကားခံရဆုံး လူတန်းစားဖြစ်လာတယ်။ အခြားအသက်မွေးဝမ်းကြောင်း မှုတွေ ပိတ်ပင်ထားတော့ ထမင်းစားဖို့၊ အသက်ရှင်ဖို့ လုပ်စရာက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဈေးဆိုင်ဖွင့်တာဘဲ ကျန်တော့တယ်။ ဒီကျဉ်းကျဉ်းလေးရှိတဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ဒီမိုကရေစီ ဦးသိန်းစိန် လက်ထက်ရောက်ကာမှ သမိုင်းမှာ မကြုံဖူးအောင် အပြင်းထန်ဆုံး စနစ်တကျ တိုက်ခိုက်ဖျက်ဆီးတာကို ခံလိုက်ရတော့တာပါဘဲ။

လက်ရှိ မြန်မာပြည်မှာ လူဦးရေ သန်း(၆၀) ရှိပါတယ်။ အစ္စလာမ်သာသနာဝင်က ရိုဟင်ဂျာအပါအဝင် အနည်းဆုံး ၅%ကနေ ၁၂%အထိ ရှိနိုင်တယ်လို့ အမျိုးမျိုး ခန့်မှန်းကြ တယ်။ အနည်းဆုံး ခန့်မှန်းချက် ၅%ဖြစ်ရင်တောင် လူဦးရေသုံးသန်းဆိုတာ မြန်မာလူမျိုးပြီးရင် ဒုတိယအင်အားအကြီးဆုံး လူအုပ်စုကြီး ဖြစ်ပါတယ်။

ဒီလူအုပ်စုကြီးက နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့ စွမ်းအားစုတွေဖြစ်တယ်။ တိုင်းပြည်တစ်ပြည်မှာ ဒုတိယလူဦးရေ အများ ဆုံးဖြစ်တဲ့ လူအုပ်စုကြီးကို ခွဲခြားဖိနှိပ်ပြီး တရားမျှတ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို လည်း မြင်နိုင် တဲ့စွမ်း အား ရှိကြဟန်တောင် မတူပါဘူး။ အတော်လေးကို အမျှော်အမြင် ကြီးကြပေပါတယ်။

မွန်၊ ကရင်၊ ကချင်စစ်စစ်တွေတင်မက တိုင်းရင်းသားကပြားတွေကိုပါ မြန်မာလူမျိုးစာရင်းထဲမှာ မလိမ့်တပတ်နဲ့ သွင်းထားလို့ သက်ဆိုင်ရာ တိုင်းရင်းသားတွေ အလုံအလောက် ရှိလျှက်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မရတဲ့ ပြသနာတွေကြောင့် ဝေဖန်ကန့်ကွက်နေကြတာတွေကို အားလုံး ကြားသိနေကြပါ တယ်။ မြန်မာ မွတ်စ လင် အများ အပြားကို ၁၉၇၂ သန်းခေါင်စာရင်းထဲမှာ မြန်မာလူမျိုးအဖြစ် တမင်ရေးသွင်းခဲ့တာကိုလည်း ကျနော်တို့ မမေ့သေးပါဘူး။ ဒါတွေကြောင့် မွတ်စလင် အပါ အဝင် တိုင်းရင်းသားဦးရေက အလွန်နည်းပြီး မြန်မာက အလွန်များနေတာ၊ ဗုဒ္ဓဘာသာက အလွန်များနေပြီး အခြားဘာသာဝင်တွေက အလွန်နည်းနေ ခဲ့တာ ဖြစ် ပါတယ်။

နှစ်ခါအလိမ်ခံရရင် အလိမ်ခံရသူရဲ့အပြစ်ဖြစ်တဲ့အတွက် ဒုတိယအကြိမ် အလိမ်မခံရအောင် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေက ၂၀၁၄သန်းခေါင် စာရင်းကို အစိုးရက မကောက်ခင် မိမိတိုင်းရင်းသား ဦးရေစာရင်းကို ကြိုပြီးကောက်နေကြပါပြီ။ ဒါက ဦးသိန်းစိန် အစိုးရရဲ့ သန်းခေါင်စာရင်းကို တိုင်းရင်းသားတွေက လုံးဝ အယုံအကြည် မရှိပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာမွတ်စလင်နဲ့ ပတ်သက်လို့ ဦးခင်ရီက တိုင်းရင်းသား (၁၃၅)မျိုးမှာ မပါရင် မည်သည့်လူမျိုးအဖြစ် ရေးသွင်းသည်ဖြစ်စေ၊ အခြားလူမျိုးစာရင်းမှာ ထဲ့လိုက် မယ်လို့ ပြောနေပါတယ်။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော် မြန်မာနိုင်ငံစတင် တည်ထောင်ကတည်းက သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေကို တန်းတူပေး ဆပ်ခဲ့တဲ့၊ တိုင်းပြည်လွတ်လပ်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှန်သမျှမှာ တန်းတူရည်တူ အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ မြန်မာပြည်က မွတ်စလင်တွကို အမည်သညာမဲ့၊ မှတ်တိုင်မဲ့ အခြားလူမျိုးအဖြစ် စာရင်းဖျောက်မယ်ဆိုတာက အင်မတန် တာဝန်မဲ့သော၊ အင်မတန် သစ္စာမဲ့သော၊ အင်မတန် ကျေးဇူးကန်းသော လုပ်ရပ်ဖြစ်ပါတယ်။

တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြတုန်းကတော့ မွတ်စလင်တွေလည်း ပါဝင်ကြပြီး အားလုံး အတူတူလို့ ပြောခဲ့တယ်။ အခုလွတ်လပ်ရေး ရမယ်တောင် မကြံသေး ဘူး၊ ခွဲခြားခွဲခြား လုပ်ချင်လာကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားကို ယနေ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဘယ်နှစ်ယောက် သတိရကြပါ သလဲ။

တစ်ကယ်တော့ တိုင်းပြည်တစ်ပြည်မှာ နှစ်ကာလရှည်ကြာစွာ တဆက်တည်း အေးအတူ ပူအမျှ၊ သေဖေါ်သေဖက်၊ တိုက်ဖေါ်တိုက်ဖက်၊ တိုင်းပြည်ထူထောင်ဖေါ် ထူထောင်ဖက်ဖြစ်သည့်အပြင် သွေးချင်းလည်း စပ်နေကြတဲ့ တိုင်းရင်းသားတွေကို အမည်မဲ့ လူမျိုးအဖြစ် စာရင်းဖျောက်မယ် (STATISTICAL GENOCIDE) ဆိုလိုက် တာကတော့ ရက်စက်လွန်း၊ ပက်စက်လွန်းပါတယ်ဗျာ။

အောင်တင်

26 Jan 2014

ထုံးဖိုဗလီစန္ဒာခန်းမတွင် သန်းခေါင်စာရင်း ဟောပြောမှုနှင့် ပတ်သက်ပြီး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့

ထုံးဖိုဗလီစန္ဒာခန်းမတွင် 26.1.2014 ရက်နေ့ သန်းခေါင်စာရင်းစာဟောပြောမှုနှင့် ပတ်သက်ပြီးညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါတယ်။




သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်တဲ့အခါမှာ မြိတ်သူ/သားတွေ အနေနှင့်သိသင့်သိထိုက်သည်များကို ကြိုတင်သိရှိထားရန် အတွက် ရန်ကုန်မြို့ မှ ပညာရှင်  မုဖ်သီ ဒေါက်တာ မြင့်သိန်း (စာရေးဆရာ- ငြိမ်းချမ်းလုလင် ) လာရောက် ဟောပြောမှာဖြစ်ပါတယ်။ ဒေါက်တာမြင့်သိန်း အနေဖြင့် ဖေဖော်ဝါရီလ (၂) ရက်နေ့ မှာလာရောက် ဟောပြောမှာဖြစ်တဲ့အတွက် ယခုရှေးပြေးအနေဖြင့် ဘိတ်မြို့ပေါ်ကို အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များ ၊ ပရဟိတအဖွဲ့များနှင့် အီမာန်ရှေ့ဆောင်ဆရာကြီးများ ညှိနှိုင်း အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါတယ်။

အစည်းအဝေးကို အသင်းအဖွဲ့အသီးသီးနှင့် ဖိတ်ကြားထားသူ ၁၀၀ ခန့်တက်ရောက်လာခဲ့ပါတယ်။ အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ မိမိ တို့ မျိုးရိုးအမည်မှန်ကို ရဲရဲဝံ့ဝံ့တင်ပြနိုင်ဖို့ .သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ဟောပြောပို့ချခြင်း ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊ အသိပညာပေး ဟောပြောပွဲများပြုလုပ်ရန် အတွက်လိုအပ်တဲ့ ရန်ပုံငွေများကို ကြိုတင်ရှာဖွေထားဖို့ညှိနှိုင်းခဲ့ကြောင်းသိရပါတယ်။

သတင်းနှင့် ဓါတ်ပုံ- ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း FB

ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

ဇန်န၀ါရီ ၂၆၊ ၂၀၁၄
M-Media
သူရိန်

အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ၏ ဗဟိုဦးစီး ညီလာခံကို ဇန်န၀ါရီလ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် မင်္ဂလာဒုံ ဗုခါရီရှားခန်းမဆောင်၌ ကျင်းပခဲ့ရာ ယနေ့ နေ့လည်ပိုင်းက ညီလာခံပိတ်သိမ်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ပြီး ညီလာခံမှ ထွက်ပေါ်လာခဲ့သော အဆို(၈)ချက်ကိုတင်သွင်း၍ မင်္ဂလာဒုံ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဦးစီး ညီလာခံကြိးတွင် တက်ရောက်ခဲ့ကြသူ ဦးစီးကိုယ်စားလှယ်များက အဆိုပါများကို တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
၎င်းအဆို(၈)ချက်မှာ
(၁) ပသီလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်ကြောင်း အတိအလင်း ကြေညာပေးရန်၊
(၂) ပသီလူမျိုးအဖြစ် တိုင်းရင်းသားလူမျိုးများ စာရင်းတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ကြိုတင် Pre Code ဖြင့် ဖော်ပြပေးရန်၊
(၃) လူနည်းစု အခွင့်အရေးကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ရန်အတွက် ဥပဒေကြမ်း ရေးဆွဲ၍ အမြန်ဆုံးတင်သွင်းရန်၊
(၄) ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် တင်သွင်းထားသည့် ကိစ္စကို ဆက်လက် ဆောင်ရွက်ရန်၊
(၅) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်မဲ့ လယ်ယာစနစ်ကို ဖျက်သိမ်း၍ ပိုင်ရှင်အမည်ပေါက် လယ်ယာစနစ်သို့ ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်ရန်၊
(၆) နိုင်ငံနှင့်အ၀ှမ်း တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ထိရောက်စွာ ရှိစေရေး တိုက်တွန်း ဆောင်ရွက်ရန်၊
(၇) နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်နှင့် လက်ရှိ မငြိမ်မသက်မှုများ အားလုံး ချုပ်ငြိမ်းရေးဆောင်ရွက်ရန်၊
(၈) ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရန်၊ နိုင်ငံသားတိုင်း၏ အခွင့်အရေးများ လွတ်လပ်စွာရရှိမှု အာမခံနိုင်ရန်၊ ပြည်ထောင်စုသားများ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် သမိုင်း အမွေကောင်း တစ်ခုအနေနှင့် ပသီလူမျိုးအမည်ကိုသာ အမျိုးသားအမည်အဖြစ် အသုံးပြုနိုင်ရေး ခိုင်မာအောင် ဆောင်ရွက်ရန် တို့ကို ကြေညာခဲ့ ပါတယ်။
အဆိုပါ အဆို(၈)ရပ်ကို အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)၏ ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါတယ်။

၎င်းအခမ်းအနားသို့ တက်ရောက်သူ ၉၅၀-၀န်းကျင်ရှိပြီး ‘ပသီအမျိုးသားအရေး – တို့အရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် – တည်ဆောက်ကြ’ ‘အမျိုးသား ညီညွတ်ရေးကွန်ဂရက် အဓွန့်ရှည်ပါစေ’ဟူသော ကြွေးကြော်သံများဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြပါတယ်။

ပသီလူမျိုးကို လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆို

2014-01-26
RFA

မြန်မာနိုင်ငံမှာရှိကြတဲ့ ပသီလူမျိုးတွေကို တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့နဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ကုတ်နံပါတ်သတ်မှတ်ပေးဖို့ UNC အမျိုးသား ညီညွတ်ရေးကွန်ဂရက် ပါတီက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့ကနေ ဒီနေ့အထိ သုံးရက်ကြာကျင်းပတဲ့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ညီလာခံကနေ ထုတ်ပြန်တဲ့ ကြေညာချက် ဖေါ်ပြထားတာပါ။ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီက တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက သူတို့တောင်းဆိုချက်ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်မှာ ကျနော်တို့ ညီလာခံလုပ်ခဲ့ပါတယ်၊ အဲဒီညီလာခံမှာ အဆိုတွေ တင်သွင်းခဲ့ပါတယ်၊ တိုင်းရင်းသားစာရင်းမှာ ပသီလူမျိုးများကို တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းဖော်ပြပေးဖို့ သန်းခေါင်စာရင်း ထုတ်ယူတဲ့အခါမှာ pre code ထည့်ပေးဖို့ အဲဒီအဆိုလည်းပါခဲ့ပါတယ်၊ တခြားအဆိုတွေလည်းပါတယ်၊ အဲဒါဘာတွေလည်းဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ထာဝရ အပစ်အခတ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒါတွေလည်းပါပါတယ်၊ အဲဒါကို ဒီနေ့ကတော့ အများပြည်သူသိအောင် ကြေညာဖို့အတွက် ဒီပွဲကိုလုပ်ခြင်းဖြစ်ပါတယ်”

UNC ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ထွန်းကားရေးနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပြင်ဆင်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ပသီလူမျိုးဆိုတာ နှစ်ပေါင်းတစ်ထောင်နီးပါး လူမျိုးတစ်မျိုးအနေနဲ့ ရှိခဲ့တာဖြစ်ကြောင်း၊ အရင်က မြန်မာ - မွတ်စလင်လို့ သတ်မှတ်ခံရတာကနေ ဘာသာရေးနဲ့ လူမျိုးရေး မရောယှက်ရဘူးဆိုပြီး အဲဒီအမည်ပါပျက်သွားကြောင်း နောက်ပိုင်းမှာ ဗမာဆိုပြီး ခေါ်ဝေါ်ကြောင်း ဦးခင်မောင်ချိုက ပြောပါတယ်။

25 Jan 2014

သန်းကောင်စာရင်းကောက်ယူရေး အထောက်အကူပြုကော်မတီ (မန္တလေး) ဖွဲ့စည်း

သန်းကောင်စာရင်းကောက်ယူရေး အထောက်အကူပြုကော်မတီ (မန္တလေး) ဖွဲ့စည်း

၂၀၁၄ခုနှစ်၊ပြည်လုံးကျွတ် သန်းကောင်စာရင်းကောက်ယူရေး အထောက်အကူပြုကော်မတီ (မန္တလေးတိုင်းဒေသကြီး၊ အစ္စလာမ်ဘာသာရေးအဖွဲ.ကြီး) မန္တလေးမြို.ကို၂၀၁၄ခုနှစ် ဇန္န၀ါရီလ(၉)ရက်နေ.က ဖွဲ.စည်းခဲ.ပါသည်။

ဓါတ်ပုံ- ရောင်နီဦး
 






ဇိုမီးအမည်သုံးစွဲရေး မျိုးနွယ်စု ၁၀ စုကို စည်းရုံးလှုပ်ရှား

2014-01-25
RFA

လာမယ့် မတ်လ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဇိုမီး ဆိုတဲ့ အမည်တစ်ခုကိုသာ တစုတစည်းတည်း အသုံးပြုကြဖို့ ဇိုမီးမျိုးနွယ်စုတွေ အများစုနေထိုင်ကြ တဲ့ဒေသတွေမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမယ့်အစီစဉ်နဲ့ ပတ်သက်ပြီး ဇိုမီးမျိုးနွယ်စုတွေ အများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဂါလီလဲ ဘုရားကျောင်းမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် မနေ့က ကျင်းပခဲ့တယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က RFA ကို ပြောပါတယ်။

နိုင်ငံတော်အစိုးရက ချင်းလူမျိုး ၅၃ မျိုးထဲမှာ ထည့်သွင်းထားတဲ့ ခေါနို၊ ဂွီသယ်၊ စီးရင်း၊ ဆိုင်းဇမ်၊ ဇို၊ ဟိုင်ဒင်း၊ တေဇမ်း၊ သာဒို၊ ဒင် နဲ့ ဟွမ်ဂို စတဲ့ မျိုးနွယ်စု ၁ဝ မျိုးတို့ဟာ ဇိုမီးလူမျိုးတွေဖြစ်ကြပြီး ဒီမျိုးနွယ်စုတွေအနေနဲ့ လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ဇိုမီးဆိုတဲ့ အမည်နာမတစ်ခုတည်းကိုသာ အသုံးပြုသွားဖို့ ခုလိုလိုက်လံရှင်းပြနေတာ ဖြစ်တယ်လို့ ပူးဂင်ကမ်းလျန်က ဆက်ပြောပါတယ်။

ဇိုမီးမျိုးနွယ်စုတွေ အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်၊ တွန်းဇံနဲ့ ကျီခါးမြို့နယ် တွေမှာလည်း စည်းရုံးလှုံ့ဆော်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နယ်တွေအထိ ကွင်းဆင်းလေ့လာမယ့် လူငယ်အဖွဲ့တွေကို သင်တန်းပေးနေပြီလို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ ဒေသတွင်းအခြေစိုက် ဘုရားကျောင်း ၈၃ ကျောင်းမှ ပါစတာ၊ အသင်းလူကြီးနဲ့ အသင်းသူအသင်းသား စုစုပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့ကြပြီး သန်းခေါင်စာရင်းမှာ ဇိုမီးကို အသုံးပြုဖို့ သဘောတူခဲ့ကြတယ်လို့ ပူးဂင်ကမ်းလျန်က ပြောပါတယ်။

ဇိုမီးလူမျိုးတွေဟာ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ တမူး၊ ကလေး၊ မန္တလေးနဲ့ ရန်ကုန်မြို့နယ်တွေမှာ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ၃ သိန်းကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။
Photo courtesy of ZNC

၂၀၁၄ သန်းခေါင်စာရင်းနှင့် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ( ရွာဟောင်းဗလီ ) တွင်ပြုလုပ်

၂၀၁၄ သန်းခေါင်စာရင်းနှင့် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ( ရွာဟောင်းဗလီ ) တွင်ပြုလုပ်




၂၀၁၄ သန်းခေါင် စာရင်းနှင့်မြန်မာ မွတ်စလင်တို့၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဒေါက်တာမြင့်သိန်း( ငြိမ်းချမ်းလုလင် )- ဦးထွန်းကြည် ( PCN ) - Hj တင်မိုး ( PCN ) တို့ ၂၄-၁-၂၀၁၄ ရက်နေ့ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ( ရွာဟောင်းဗလီ ) ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းနှင့် ဓါတ်ပုံ- Peace John FB မှ ကူးယူဖော်ပြသည်။

23 Jan 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောပွဲ မြေနီကုန်းတွင်ပြုလုပ်

၂၀၁၄ သန်းခေါင် စာရင်းနှင့်မြန်မာ မွတ်စလင်တို့၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဒေါက်တာမြင့်သိန်း( ငြိမ်းချမ်းလုလင် )- ဦးထွန်းကြည် ( PCN ) - Hj တင်မိုး ( PCN ) တို့ မြေနီကုန်း ( နာရေးခန်းမ ) တွင် ၂၃-၁-၂၀၁၄ ရက်နေ့ ည ၈-၀၀ နာရီ တွင် ဆွေးနွေး ဟောပြောပွဲ ပြုလုပ်စဉ်

သတင်းနှင့် ဓါတ်ပုံ- Peace John





နိုင်ငံခြားသားစာရင်းထဲ လွဲမှားပါ မသွားဘို့ တော့ အရေးကြီးပါတယ် ( ဒေါက်တာမြင့် သိန်း(ငြိမ်းချမ်းလုလင်)

နိုင်ငံခြားသားစာရင်းထဲ လွဲမှားပါ မသွားဘို့ တော့ အရေးကြီးပါတယ် ( ဒေါက်တာမြင့် သိန်း(ငြိမ်းချမ်းလုလင်)

တတိယ အုပ်စုကတော.မြန်မာမွတ်စလင်မ် လူ့အဖွဲ.အစည်းဖြစ်ပါတယ်။ အဲဒီထဲမှာ(၁) ရိုဟင်ဂျာ၊(၂) ကမန်(၃) ပသျူး(၄)ပန်းသေးနဲ. (၅)ပသီ(ခေါ်) မြန်မာ မွတ်စလင်မ်တို့ ပါဝင်ကြပါတယ်။ ကမန်ကတော့ တိုင်းရင်းသား စာရင်းထဲမှာပါဝင်ပြီးဖြစ်ပါတယ်။ ရှေ.မှာရှင်းလင်းခဲ့သလို အာရဗ်နွယ်၊ ပါးရှန်း၊ မဂိုနွယ်၊ တူရကီနွယ်၊ အိန္ဒိယ(ဘင်္ဂါလီ၊ကျိုလီယာ) နွယ်၊ ပါကစ္စတန်နွယ် စသူတွေနဲ.တိုင်းရင်းသူ၊ တိုင်းရင်းသားတွေနဲ့ စုံဖက်ပြီး ပေါက်ဖွားလာသူတွေကို ခေတ်အဆက်ဆက်မှာ -ပသီ၊ ဇေရဘာဒီ၊ ဗမာ၊မြန်မာမွတ်စလင်မ်၊ ဗမာမွတ်စလင်မ် လို့ခေါ်တွင်ခဲ့ပါတယ်။

အခုအခါမှာတော့ လူထုကို ပညာပေးနေရတော ပသီဆိုတာလည်းမြန်မာ မွတ်စလင်၊ ဗမာမွတ်စလင်မ်တွေ ရဲ့ ငယ်အမည် ပသီဆိုတာကို ရှင်းပြနေရတယ်။

ပသီဆိုတဲ.ဝေါဟာရကနှစ်ပေါင်း (၉၀၀) သုံးခဲ.ပြီး မြန်မာ မွတ်စလင်မ်ဆိုတဲ့ ဝေါဟာရက ယနေ့တိုင် နှစ်ပေါင်း (၉၀) လောက် သုံးစွဲနေကြပါတယ်။

ဒါကြောင်.မြန်မာမွတ်စလင်မ် လူ့အဖွဲ.အစည်းဝင်တွေဟာ မိမိတို.သက်ဆိုင်ရာ အမည်ကိုဖေါ်ထုတ်ခွင့် ရှိပါတယ်။ဒါပေမယ့် မိမိတို့ ဘိုးဘွားလူမျိုးအနွယ်အမည် (စူရတီ၊မေမန်၊နရ်စာပူရီ၊ပထန်၊အာဖဂန်) စသူတွေ အနေနဲ့ ပသီ(ခေါ်)မြန်မာမွတ်စလင်မ် လူ.အစုအဝေးမှာ မပါလိုရင်တော့  မိမိတို့ ဆန္ဒအတိုင်းပဲဖြစ်ပါတယ်။ဒါပေမဲ. နိုင်ငံခြားသားစာရင်းထဲ လွဲမှားပါ မသွားဘို့ တော့ အရေးကြီးပါတယ်။

၂၀၁၃အလွန် ၂၀၁၄မြန်မာမွတ်စလင်မ် လူ.အဖွဲ.အစည်း၊
 ဒေါက်တာမြင့် သိန်း(ငြိမ်းချမ်းလုလင်)နှင်.အင်တာဗျူး-
FRIDAY ဂျာနယ်၊အတွဲ ၁၊အမှတ် ၅။
မှ ကောက်နှုတ်ဖော်ပြပါသည်။

ဓါတ်ပုံ-မြန်မာမွတ်စလင် မီဒီယာ (M.M.M)

သန်းခေါင်စာရင်း ကောက်ခံသည့် ပုံစံကြောင့် တိုင်းရင်းသား ညီညွတ်ရေး ပျက်ပြားနိုင်



မြန်မာအစိုးရ၏ တိုင်းရင်းသားလူမျိုးအရေအတွက် တိုးပွားပြီး သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပျက်ပြားစေနိုင်သည်ဟု ကချင်ပါတီခေါင်းဆောင်များ ဝေဖန်ပြောဆိုလိုက် သည်။

“ကချင်ထဲမှာ တိုင်းရင်း သားခွဲလိုက် တာ ၁၂ ခုလောက်ရှိနေတယ်။ ချင်းမှာလည်း ၅၀၊ ရှမ်းမှာလည်း ၄၀၊ ဒီလိုခွဲလိုက်တော့ ဘယ်တိုင်းရင်းသား မှ လည်း မနှစ်သက်ဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ မနှစ်သက်တာက တမျိုး၊ နိုင်ငံငြိမ်းချမ်းရေး စည်းလုံးညီ ညွတ်ရေး ကိုလည်း ထိခိုက်တယ်။ အဲဒါကြောင့် အဲဒီလို ပွားလိုက်တာဟာ ဘယ်လိုမှ မသင့်တော်ဘူး။” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (Kachin State Democracy Party) ခေါင်းဆောင် ဒေါက်တာတူးဂျာ က KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူတို့ဘယ်လို ရည်ရွယ်ပြီးလုပ်တယ်ဆိုတာ ကျနော်တို့လည်း မသိရဘူး။ ဒါပေမယ့် အခုလိုတိုင်းရင်းသား လူမျိုး တွေကို ခွဲလိုက်တာဟာ မကောင်းဘူး။ ဒီကနေ့ ကျနော်တို့က စည်းလုံးညီညွတ်ရေးရအောင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြောနေချိန်မှာ တိုင်းရင်းသားလူမျိုးတွေ အကြား စည်းလုံး ညီ ညွတ်ဖို့ ပိုခက်လာလိမ့်မယ် အဲဒါကြောင့် ကျုံ့နိုင်သလောက်ကျုံ့အောင်လုပ်ရမယ် ကချင်ထဲမှာ အဓိက လူမျိုး ၆ ခုရှိတယ် အခုတက်တိုးလာတဲ့ Nung Rawang နဲ့ ၇ ခုပေါ့ ဒီထက်မပိုဘူး” ဟု ဆက်ပြောသည်။

အစိုးရမှလာမည့်မတ်လမှ စတင်မည့် သန်းခေါင်စာရင်းကောက်ခံမည့် ပုံစံများသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ခေါင်းဆောင် ဦးဂွမ်ကရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) မှ KNG ကချင်သတင်းဌာန သို့ပြောသည်။

“တကယ်တမ်းကျတော့ Kachin community အရင်ဝင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမယ် တာကိုအရင်လုပ်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့ ခေါင်းစဉ်တွေ ရွေးပြီးလုပ်ရင်ပိုကောင်းမှာဟုတ်တယ် ဒါမဲ့ သူတို့က Code နံပါတ်တွေပေးတာဟာ ကျနော်တို့အတွက်လည်းခက်လာတယ် ကျနော်တို့လည်း ဒီလိုဖြစ်ရင် ကွဲပြားမှုတွေ ဖြစ်လာမှာကို မလို လား ဘူး ဖြစ်ခိုင်းစေချင်တာက ကချင်ဆိုသည့်အောက်မှာ ကချင်ကို Code နံပါတ်မပေးပဲ သည်ထဲမှာ ဂျိန်ဖော၊ မရူ၊ လရှီ၊ အဇီး၊ ရဝမ်၊ လီဆူး၊ ဆိုပြီးကောက်ပြီး မရူလူဦးရေဘယ်လောက်ရှိတယ် ကချင်ဘယ် လောက်ရှိ တယ် ဆိုတာက ကိစ္စမရှိဘူး အဲဒါကို စုစုပေါင်းကချင်လူဦးရေဘယ်လောက်ဆိုတာမျိုးဖြစ်စေချင်တယ် အခုက ကချင်ကို code နံပါတ်တခုပေး၊ မရူကိုလည်းပေး၊ ကချင်ကိုလည်းပေး၊ ဂျိန်ဖောကိုလည်းပေး၊ ကော်ရီကိုလည်းပေးဆိုတော့ ကျနော်တို့အတွက်မကောင်း ပြည်သူလူထုအတွက် စိုးရိမ်မှုတွေရှိလာတယ် မကောင်းဘူး အစိုးရကနေ ကချင်လူ့ အဖွဲ့အစည်းတွေမှာ အရင်ဝင်ပြီး ဆွေးနွေးပြီးလုပ်ရင်ပိုကောင်းမယ်လို့”

လာမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်း ရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင်ဒီဇင်ဘာလ ၁၇-၁၈ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင် ကချင် 101 ဆိုတဲ့ code နံပါတ်မှာ ထည့်သွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

KSDP ပါတီခေါင်းဆောင် ဒေါက်တာ တူးဂျာ (ဘယ်) နဲ့ KDP ပါတီခေါင်းဆောင် အောင်ခမ်း

Kachin News Group

သန်းခေါင်စာရင်းတွင် အသုံးပြုမည့် နည်းပညာ

ဇန်နဝါရီ ၂၂၊ ၂၀၁၃
M-Media 
ရေးသူ- O'Laie Manzu
 


နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်္ဂလန်အခြေစိုက် DRS Data Services ကုမ္ပဏီကနေ ဦးဆောင်သွားမယ်လို့သိရပါတယ်။ ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေမှာလည်း ဆူဒန်၊ မေလဝီ၊ နိုက်ဂျီးရီးယား၊ အီသီယိုပီးယား၊ ကင်မရွန်၊ တန်ဇန်းနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဇန်ဘီယား အစရှိတဲ့ နိုင်ငံတွေရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရာမှာလည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ အချို့နိုင်ငံတွေရဲ့ရွေးကောက်ပွဲမှာလည်း သူတို့ ဝန်ဆောင်မှုတွေပေး ခဲ့ပါတယ်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေ (၅၅) သန်းနဲ့ သန်း (၇၀) အကြားရှိတယ်လို့ခန့်မှန်းထားပါတယ်။ တစ်အိမ်ထောင် ဖောင်ပုံစံ တစ်စောင်နှုန်းနဲ့ကောက်ခံမှာဖြစ်လို့ ဖောင်ပုံစံ အစောင်ရေ ၁၆ သန်းလောက်ကိုလည်း ပုံနှိပ်ထားပါတယ်။ ဒီလောက် များပြားလှတဲ့ဖောင် ပုံစံတွေကို အချိန်တိုအတွင်း စာရင်းပြုစုရာမှာ တိကျမှန်ကန်ဖို့အတွက် အမှတ်အသားတွေကို အလိုအလျှောက် ဖမ်းယူစာရင်းသွင်းနိုင်တဲ့ Optical Mark Recognition (OMR) နည်းပညာနဲ့ လက်ရေးနဲ့ရေးထားတဲ့ စကားလုံးတွေကို ကွန်ပျူတာစကားလုံး အသွင်ပြောင်းပြီး ဖမ်းယူ စာရင်းသွင်းနိုင်တဲ့ Intelligent Character Recognition (ICR) နည်းပညာတွေကို အသုံးပြုပြီး စာရင်းပြုစုမှာဖြစ်ပါတယ်။

OMR နည်းပညာကတော့ နိုင်ငံတော်များများမှာ အကျယ်တဝန်း အသုံးပြုနေကြပြီး အထူးသဖြင့် စာမေးပွဲဖြေရာမှာ အသုံးပြုကြတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အတန်းကျောင်းတွေက “မှား-မှန်” နဲ့ “အမှန်ရွေး” အစရှိတဲ့ မေးခွန်း ပုံစံတွေမှာ အသုံးပြုလို့ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဖောင်ပုံစံပေါ်မှာ နံပါတ်အစဉ်အလိုက် သတ်မှတ်ထားပြီး ရွေးချယ်ရမယ့်နေရာတွေမှာတော့ စက်ဝိုင်း သေးသေးလေးတွေ ထားရှိပါတယ်။ ဖြေဆိုသူတွေက မိမိဖြေဆိုလိုတဲ့ အဖြေရဲ့ စက်ဝိုင်းလေးတွေကို ခဲတံနဲ့ စက်ဝိုင်းတစ်ခုလုံး အပြည့် ခဲရောင်ချယ်ကြရပါတယ်။ ဒီလိုခဲရောင်ချယ်ထားတဲ့ အဖြေလွှာ စာရွက်တွေကို Scanner လို့ခေါ်တဲ့ ပုံရိပ်ဖမ်းစက်ထဲမှာထည့်ပြီး ခဲသားတွေကို ဖမ်းယူမှတ်တမ်းတင်ပါတယ်။ အဲဒီနောက်မှာတော့ ဥပမာ နံပါတ် (၁) ကို ခဲရောင်ချယ်ထားတာက ဘယ်နှစ်ဦး၊ နံပါတ် (၂) ကို ခဲရောင်ချယ်ထားတာက ဘယ်နှစ်ဦး အစရှိသဖြင့် စာရင်းပြုစုပါတယ်။ ဒီစာရင်းရွက်တွေကို တစ်ရွက်ချင်းစီ စမ်းစစ်နေစရာမလိုဘဲ အဖြေလွှာတွေပေါ်က အချက်အလက်တွေ ကွန်ပြုတာပေါ်မှာ စာရင်းဇယားတွေနဲ့ တကွပေါ်လာမှာဖြစ်ပါတယ်။

ICR နည်းပညာကတော့ OMR စနစ်လိုမျိုးရွေးချယ်ရမယ့် အဖြေတွေကို တသက်မှတ်တည်း သက်မှတ်လို့ မရတဲ့အခါမျိုးမှာ လက်ရေးနဲ့ရေးဖြေခွင့်ပြုပြီး လက်ရေးတွေရဲ့ ပုံရိပ်တွေကို ဖမ်းယူ မှတ်တမ်းတင်တဲ့ စနစ်ဖြစ်ပါတယ်။ အတန်းကျောင်းတွေက “ကွက်လပ်ဖြည့်” ဆိုတဲ့ မေးခွန် ပုံစံမျိုးတွေမှာ အသုံးပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်သိပ် မကြာသေးမှီကမှ မြန်မာ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကနေ လက်ရေးနဲ့ရေးထားတဲ့ ဗမာစာ ရဲ့ပုံရိပ်ကိုဖမ်းယူပြီး ကွန်ပြုတာ စကားလုံးအဖြစ် အလိုအလျှောက်ပြောင်းနိုင်တဲ့ Myanmar Intelligent Character Recognition (MICR) နည်းပညာ တစ်ရပ် ပေါ်ထွက်လာဖို့ အတွက် ကြိုးပမ်း လုပ်ဆောင်လာခဲ့ပါတယ်။ ဒီနည်းပညာဟာ လူမျိုးအမည်နေရာမှာ လက်ရှိ သတ်မှတ်ထားပေးတဲ့ ကုတ်နံပါတ်တွေထဲမှာ မပါတဲ့ လူမျိုးအမည်ကို လက်ရေးနဲ့ရေး ထည့်မယ်ဆိုရင်တော့ အဲဒီလို လက်ရေးနဲ့ ရေးထည့်ထားတာတွေကို ICR နည်းပညာကို အသုံးပြုပြီး ကွန်ပြူတာ စကားလုံးတွေ အဖြစ်ပြန်ပြောင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ OMR နည်းပညာကို အသုံးပြုပြီး စုဆောင်းထားတဲ့ အချက်အလက်တွေနဲ့ ပြန်လည် ပေါင်းစည်းမှာဖြစ်ပါတယ်။ လက်ရေးတွေကို ပုံရိပ်ဖမ်းရတာဖြစ်တဲ့အတွက် ရလဒ်ကတော့ ရာနှုန်းပြည့် မှန်ကန်မှာမဟုတ်ပါဘူး။ အကြမ်းအားဖြင့် အခြားဘာသာတွေမှာ ပျမ်းမျှ ၉၇% နှုန်းလောက် မှန်ကန်မှုရှိတယ်ဆိုပေမယ့် လက်ရေးနဲ့ရေးထားတဲ့ ဗမာ စာလုံးတွေကိုတော့ ဘယ်လောက် ရာခိုင်နှုန်းလောက် မှန်အောင် ဖမ်းယူမှတ်တမ်း တင်နိုင်သလဲဆိုတာကိုတော့ သဲသဲကွဲကွဲမသိရသေးပါဘူး။ အကယ်လို့များ ၃% မှားတယ်ဆိုရင်တောင်မှ လူတစ်သိန်းမှာ (၃၀၀၀) လောက်က စာရင်း လွဲနေလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် လူမျိုးစုစာရင်းမှာ OPM စနစ်အတွက် ကုတ်နံပါတ်တွေမရတဲ့ လူမျိုးတွေ အတွက်ကတော့ လက်ရေးနဲ့သာရေးထည့်ရမှာဖြစ်ပြီး စာရင်း မှားနိုင်ချေလည်းပိုများပါလိမ့်မယ်။

ကောက်ခံရရှိထားတဲ့ သန်းခေါင်စာရင်းအဖြေလွှာတွေကို မေ လ ပထမအလောက်မှာ စတင်ပြီး ပုံရိပ်ဖမ်းစက်တွေထဲမှာထည့်ကာ အချက်အလက်တွေကို စုဆောင်းမှာဖြစ်ပြီး သြဂုတ်လ လောက်မှာတော့ ရလဒ်တွေသိရမှာဖြစ်ပါတယ်။

** O’Laie Manzu မှ M-Media သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

ဘယ်ခေါင်မိုးအောက် ၀င်ရပါ့မလဲ

ရေးသူ- ဦးဦး မှော်ဆရာ

1499478_203414843176655_1659250890_n

ဦးခင်ရီက သန်းခေါင်စာရင်းကိစ္စအပြီး တိုင်းရင်းသားစာရင်း နောက်ထပ်တိုးလာတဲ့ လူမျိုးတွေကိုပါ ထပ်ထည့်ဖို့ရှိတယ် လို့ လေသံ ဟ နေပြီ။ ဒါကို ခုချိန်ထိ ဇဝေဇ၀ါဖြစ်နေတဲ့ဆရာတွေ ကိုယ့်အချင်းချင်း သေချာတိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တစ်ခုချဖို့ လိုပြီထင်တယ်။
ကျနော်လူတချို့ရဲ့ အမြင်တွေကို နားထောင်ကြည့်တော့ ရိုဟင်ဂျာ နဲ့ ပန်းသေး တို့က သူတို့ Identity အမှန်ကိုပဲ ထည့်မယ်လို့သိရတယ်။ ကျန်တဲ့ မြန်မာမွတ်ဆလင်တွေရဲ့ အသံတွေကတော့ တစ်ယောက် တစ်မျိုး ဖြစ်နေတုန်းပဲ။ ဒါလည်း ကျနော်စပ်စုထားတဲ့ လူအရေအတွက်အရ ပြောတာပါ။ သူတို့အမြင်တွေ ကို ခြုံကြည့်ရင် အုပ်စု(၃)မျိုးတွေ့ရတယ်။
(၁)   တချို့ပုဂ္ဂိုလ်တွေက National Identity ကို မကြာခင်ရလာလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါကြောင့် သီးခြား ethnic identity တစ်ခုဖေါ်ထုတ်ဖို့ မလိုဘူးလို့ ဆိုတယ်။ သဘောက လူမျိုးနေရာမှာ `မြန်မာ´ ဆိုတာပဲ ထည့်မယ်ပေါ့လေ။
(၂)   တချို့ကတော့ ဒီသန်းခေါင်စာရင်းက ဆုံးရှုံးနေတဲ့ လူနည်းစုအခွင့်အရေးအတွက် အချိန်ကောင်း တစ်ခုလို့ ယူဆတယ်။ ဒါကြောင့် ဒီအခွင့်ကောင်းကိုအသုံးချပြီး ဖျောက်ဖျက်ခံထားရတဲ့ identity တစ်ခုကို ပြန်ဖေါ်ထုတ်ဖို့ Identity ပျောက်နေတဲ့ မွတ်ဆလင်တွေအားလုံး တစုတစည်းတည်း ပမာဏတစ်ခုထိ ပြနိုင်ဖို့လိုတယ်လို့ဆိုတယ်။ ဒီထဲမှာ အဓိက (၂)စု ထပ်ကွဲနေတယ်။
(က)  တချို့က- ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးတို့က သူတို့လူမျိုးနာမည်သူတို့ဖြည့်၊ တိုင်းရင်းသားစစ်စစ်များ နဲ့ တိုင်းရင်းသား-သွေးနှောကပြား အစ္စလာမ်ဘာသာဝင်တွေက သက်ဆိုင်တဲ့ တိုင်းရင်းသားကုဒ်ပဲဖြည့်ပြီး၊ ကျန်တဲ့ မွတ်ဆလင်တွေ အားလုံး `ပသီ´ အဖြစ်ရပ်တည်သင့်တယ် လို့ ဆိုတယ်။
(ခ) တချို့ကတော့-  မွတ်ဆလင်တွေအားလုံးပေါင်းပြီး တချိန်က `ဦးရာဇတ်´ကိုယ်တိုင် ရပ်တည်ခဲ့ဖူးတဲ့ `မြန်မာမွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးစားသင့်တယ်။ ဗမာမွတ်ဆလင်လို့ ခံယူသူတွေက ဗမာ/မြန်မာ လူမျိုးနဲ့ပေါင်းပြီး၊ ကျန်တဲ့ တိုင်းရင်းသားသွေးနှောတွေ ကတော့ တိုင်းရင်းသား အမည်အောက်မှာပဲ နေသင့်တယ် လို့ဆိုတယ်။
(၃)   အလွန်နည်းတဲ့ လူအရေအတွက်လောက်ကတော့ ဘယ်လိုပဲလုပ်လုပ် `ကုလားက ကုလားပါပဲ၊ ဘာမှထူးလာမှာ မဟုတ်ဘူး´ လို့ ခံယူကြတယ်။ ဒါကြောင့် သူတို့က ကိုယ့်မှတ်ပုံတင်ထဲကအတိုင်း ဖြည့်မယ် (သို့) ထည့်ချင်ရာ ထည့်လို့ ပြောမယ်  (သို့)  `ကုလား` လို့ပဲ ဖြည့်ခိုင်းမယ် လို့ ဆိုကြတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုအယူအဆတွေအားလုံးက ကိုယ်ပိုင်အခွင့်အရေးဖြစ်လို့ အပြစ်တင်စရာ မရှိပါဘူး။ ဒီလို စပ်စုပြီးသကာလ ကျနော်လည်း ကိုယ့်အမြင်ကိုယ်ပြောဖို့ အခွင့်အရေးရှိတယ်လို့ ယူဆပြီး ဆက်ပြောချင်တယ်။ အပေါ်ကနံပါတ်စဉ်တွေ အလိုက် ကျနော့်အမြင်ကို ပြောကြည့်မယ်။
(၁)  National Identity တစ်ခုတည်းဖြစ်လာဖို့ဆိုတာ ဗမာ/မြန်မာ ဆိုတဲ့ လူများစုကြီးက လက်ရှိရထားတဲ့ အသာစီးရမှုကို စွန့်လွှတ်နိုင်မလား၊ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကရော သူတို့Identity ကို ဖုံးကွယ် ခံပြီး သေချာရေရာမှု မရှိတဲ့ မြန်မာ/ဗမာလူမျိုးအဖြစ် ရပ်တည်ပါ့ မလားဆိုတာ ထည့်တွက်ရလိမ့်မယ်။ တချိန်ချိန်မှာ ၂၀၀၈ အခြေခံဥပဒေ နဲ့ (၈၂) နိုင်ငံသားဥပဒေတို့ ပြင်ဆင်/ဖျက်သိမ်းပြီး ချိန်လောက်မှာ `တိုင်းရင်းသား´ဆိုတဲ့ အယူအဆတွေထက် `နိုင်ငံသား´ ဆိုတာကပဲ အဓိကဖြစ်သွားလိမ့်မယ်လို့ ကျနော်လည်းမျှော်လင့်တယ်။ ဒါပေမဲ့ အဲဒီအချိန်ရောက်ဖို့ရာ လက်ရှိ နိုင်ငံရေးအနေအထားကနေ ဒီမိုကရေစီစနစ်တစ်ခုကို ဖေါ်ဆောင်နိုင်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက် ကြာနိုင်မလဲဆိုတာ ထည့်စဉ်းစားသင့်တယ်။ ခုချိန်ထိတော့ (၈၂) နိုင်ငံသားဥပဒေကို ဘယ် ဒီမိုသမားကမှ အာရုံမကျသေးဘဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့သာ အရေးတကြီးခံယူထားတာတွေ့ရတယ်။ အစိုးရဘက်ကတော့ ခုချိန်မှာ (၈၂)နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့အစီစဉ် လုံးဝ (လုံးဝ) ((လုံးဝ)) မရှိဘူးဆိုတာ မှတ်ထားကြပါ။ ဒါ အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်း အသိပေးတာပါ။ (၈၂)ဥပဒေပြင်ဖို့ အစိုးရကိုပြည်ပကနေ ရာဇသံပေးထားတယ်ဆိုတဲ့ လှိမ့်လုံးဖြီးလုံးတွေကို အဟုတ်မှတ်ပြီး ပြည်တွင်းကလူတွေ ကိုယ်တကယ်လုပ်ရမဲ့ ကိစ္စမလုပ်ဘဲ သူ့အလိုလိုအခြေအနေကောင်းတွေ ရလာမယ်လို့ မျှော်လင့်ပြီး သွေးအေးနေကြမှာ တွေးမိလို့ ဒီလိုဖွင့်ပြောတာပါ။ ယုံတာ၊ မယုံတာတော့ ကျနော့်အပိုင်းမဟုတ်ပါဘူး။
(၂) ဒီသန်းခေါင်စာရင်းက ဆုံးရှုံးနေတဲ့ လူနည်းစုအခွင့်အရေးအတွက် အချိန်ကောင်းတစ်ခုလို့ ကျနော် လည်းယူဆတယ်။ ဒီအခွင့်ကောင်းကိုအသုံးချပြီး ဖျောက်ဖျက်ခံထားရတဲ့ identity တွေကို ပြန်ဖေါ်ထုတ် နိုင်ဖို့၊ မွတ်ဆလင်တွေ တစုတစည်းတည်း လူဦးရေ ပမာဏတစ်ခုထိပြနိုင်ဖို့ ဆိုတာကိုလည်း အကြမ်းဖျင်း တော့လက်ခံတယ်။ ဘယ်သူတွေက ဘယ်ခေါင်းစဉ်အောက်မှာ ရပ်မလဲဆိုတာသာ ဆက်တွေးမိတယ်။
(က) ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးတို့က ကိုယ့်လူမျိုးနာမည်ပဲ ဖြည့်သင့်တာကို အပြည့်အ၀ လက်ခံတယ်။  သူတို့ဟာ ယခင်သန်းခေါင်စာရင်းများနဲ့ မှတ်တမ်းများမှာ အခိုင်အမာပါဝင်ခဲ့တဲ့အတွက် ဒီနာမည်ပေါ်မှာ ပြန်ရပ်တည် သင့်ပါတယ်။ (`ကသည်း´ဆိုတဲ့လူမျိုးကတော့ မရှိတော့ဘူးလို့ သိရတယ်။)
သို့သော် တိုင်းရင်းသားစစ်စစ်များ နဲ့ တိုင်းရင်းသား-သွေးနှောကပြား အစ္စလာမ်ဘာသာဝင်တွေက သက်ဆိုင်တဲ့ တိုင်းရင်းသားကုဒ်ပဲ ဖြည့်ဖို့ဆိုတဲ့အချက်ရယ်၊ ကျန်တဲ့ မွတ်ဆလင်တွေအားလုံး `ပသီ´ အဖြစ်ရပ်တည်သင့်တယ် ဆိုတဲ့အချက်မှာ စဉ်းစားစရာတွေရှိတယ်။ ဒီလို စဉ်းစားတဲ့အခါမှာ နောင် ဖြစ်လာနိုင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာကြီးကို ခဏမေ့ထားပြီး လက်ရှိစိန်ခေါ်မှုမျိုးကို အခြေခံပြီး စဉ်းစားပြီး ပြောချင်ပါတယ်။
ပထမတချက်က တိုင်းရင်းသားစစ်စစ်ဆိုတဲ့ထဲမှာ ဗမာ(သို့)ရခိုင်လူမျိုးအနေနဲ့ အစ္စလာမ်ဘာသာဝင်ကို တိုင်းရင်းသားတစ်ဦး အဖြစ် အခွင့်အရေး တန်းတူပေးနိုင် မလားဆိုတာ တွေးစရာပါ။ ဗမာစစ်စစ်သည်ပင် အစ္စလာမ်ဘာသာကိုးကွယ်ရင် မှတ်ပုံတင်ထုတ်တဲ့အခါ အိန္ဒိယလူမျိုးသွေးနှောအဖြစ် သက်သေပြရတဲ့ အခြေအနေကို တွေးမိတာပါ။ ဒါကြောင့် ဒီလိုအနေအထားမျိုးမှာ ရွေးစရာ နှစ်ခုရှိပါတယ်။ ကိုယ့်လူမျိုး အမှန်ကို ရွေးနိုင်သလို၊ မြန်မာမွတ်ဆလင်တွေကို ကိုယ်စားပြုတဲ့ ဘုံနာမည်(ဥပမာ- ပသီ) လိုဟာမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့်ဒီလို စဉ်းစားရသလဲဆိုရင် ကျနော့်အသိထဲက ဗမာလူမျိုး တချို့ကတောင် သူတို့လူမျိုး နာမည်အစား `ပသီ´ ထည့်မယ်လို့ ဆိုတာတွေ့ရလို့ပါ။ ဒါဟာ နိုင်ငံရေးအရ ရွေးချယ်မှု တစ်ခု အဖြစ် မြင်ပါတယ်။
ဒုတိယအချက်က တိုင်းရင်းသားသွေးနှော (ဥပမာ- ကချင်-အိန္ဒိယမွတ်စ်)တွေက သာသာယာယာပဲ တိုင်းရင်းသား ကုဒ်ဖြည့်မယ်ဆိုရင် လက်တွေ့မှာ တိုင်းရင်းသား Majority ရဲ့ လွမ်းမိုးမှု ခံရနိုင်ချေရှိတယ်။
ဥပမာ – ရှမ်း-ကျူလီယာမွတ်စ် က ရှမ်းအဖြစ်ပဲဖြည့်လိုက်ရင် တကယ်တမ်း ရှမ်းဗုဒ္ဓ လူများစုကြီးအောက်မှာ မြှုပ်သွားမလား ဆိုတာ တွေးမိတယ်။ ဒါကြောင့် ဒီလူတွေ တိုင်းရင်းသားခံယူမယ်ဆိုရင်လည်း ရသလို၊ မွတ်ဆလင်အားလုံးကို ကိုယ်စားပြုတဲ့ ဘုံနာမည်တစ်ခုအောက်မှာ ၀င်နိုင်ရင်တော့ ပိုကောင်းမယ်လို့ မြင်တယ်။ ဒီမှာတခုပြောချင်တာက ကိုယ့်မိဘ တဘက်ဘက်က နိုင်ငံခြားသား မျိုးရိုး (ဥပမာ- အိန္ဒိယ) ဆိုတာဟာ နိုင်ငံသား အဖြစ်ခံယူကတည်းက စွန့်လွှတ်ပြီးသားဖြစ်လို့ လုံးဝမေ့ထားလိုက်ဖို့သင့်ပါတယ်။
တတိယအချက်က ယခင်မှတ်တမ်းတွေမှာ မပါဝင်ခဲ့တဲ့ မွတ်ဆလင်တွေအနေနဲ့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာ စဉ်းစားတာပါ။ ဥပမာ- စူရတီလူမျိုးတစ်ဦးက ကိုယ့်လူမျိုးနာမည်ကိုပဲ ဖြည့်တဲ့အခါ ၂၀၁၄ မှာ ဒီလူမျိုးအရေအတွက် ဘယ်လောက် ရှိခဲ့သလဲဆိုတဲ့ ထုတ်ပြန်ခြင်းမရှိတဲ့ မှတ်တမ်းထဲမှာတော့ ပါသွား နိုင်ပါတယ်။ လောလောဆယ် ဒီထက်ပိုပြီးတော့ ဘာမှအကျိုးထူးစရာတော့ မမြင်ပါဘူး။ ဒီလူမျိုးစုတွေ တခုချင်းစီက Very Minority ပါ။ တကယ်လို့သာ ဒီလိုလူမျိုးစုငယ်တွေ အားလုံးပေါင်းပြီး အပေါ်မှာ ပြောခဲ့သလို လူမျိုးနာမည်တစ်ခုအောက်မှာ တစုတစည်းတည်း ပမာဏ တစ်ရပ်ထိပြနိုင်မယ် ဆိုရင်တော့ နိုင်ငံရေးအရလည်း အကျိုးရှိအောင် အသုံးချနိုင်စရာရှိပါတယ်။ သန်းခေါင်စာရင်းကောက်ရတဲ့ ရည်ရွယ်ချက် အတိုင်း  အစိုးရက Socio and Economic life developments planning တွေ ချမှတ် တဲ့အခါမှာ ဒီလူစုကြီးအတွက် မဖြစ်မနေ စဉ်းစားရမဲ့ အနေအထားတွေ ရှိလာနိုင်တယ်။ နောက်ပြီး ဒီကရလာမဲ့ figure ကို ၂၀၁၅ နိုင်ငံရေးမှာ အသုံးချနိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။
(ခ) `ဦးရာဇတ်´ကိုယ်တိုင်ရပ်တည်ခဲ့ဖူးတဲ့ `ဗမာမွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည်အသက် သွင်းနိုင်ဖို့၊ ဗမာ/မြန်မာလူမျိုးနဲ့ ပေါင်းဖို့ဆိုတဲ့ အယူအဆကတော့ အားနည်းချက်တွေ ပိုများပါတယ်။ ဦးရာဇတ်ကို အပြစ်တင်တာ မဟုတ်ပေမဲ့ ခုချိန်မှာတွေးမိတာတစ်ခုကို ပြောချင်ပါတယ်။ တကယ်လို့သာ အဲဒီတုန်းက ဗမာလူမျိုးအဖြစ်မရပ်တည်ခဲ့ဘဲ သီးခြားတိုင်းရင်းသားအဖြစ် ရပ်တည်ခဲ့ရင် ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတစ်ခုအဖြစ် ခုချိန်မှာ ရှိနေမှာပါ။ နောက်ပြီး ဦးရာဇတ်က ဗမာအဖြစ်ခံယူစဉ် တုန်းက အခြေခံဥပဒေမပြီးသေးသလို၊ နိုင်ငံသားဥပဒေလည်း မဖြစ်လာသေးပါ။
ဒါ့ပြင် ဥပဒေရေးဆွဲသူများထဲတွင် ဦးရာဇတ်ကိုယ်တိုင်လို ဖယ်ထုတ်လို့မရတဲ့ ပုဂ္ဂိုလ်ပါဝင်နေတဲ့ အချိန်ဖြစ်တယ်။ ခုလက်ရှိအနေအထားနှင့် ယှဉ်ပြီး စဉ်းစားစေချင်ပါတယ်။ ခုချိန်မှာ (၂၀၀၈) အခြေခံ ဥပဒေ နှင့် ၈၂ နိုင်ငံသားဥပဒေ ရှိနေပါတယ်။ အစိုးရတစ်ရပ်ရဲ့ ပုံစံဝင်နေတဲ့ ရွေးကောက်ခံလွှတ်တော် လည်း ရှိနေပါတယ်။ တရာမျှတမှု  ရှိတာ၊မရှိတာက တစ်ပိုင်းပါ။ နောက်ပြီး အစိုးရအထက်ပိုင်းမှာ ဦးရာဇတ်ကဲ့သို့ အရေးပါတဲ့ မွတ်ဆလင်တစ်ဦးတလေမှ မရှိပါ။ ဒါကြောင့် ကျနော့်တစ်ဦးတည်း အမြင်ပြောရရင် ဗမာနဲ့ပေါင်းပြီး အားဖြည့်မယ်ဆိုတဲ့ကိစ္စ လုံးဝမလုပ်သင့်ပါ။
(၃) `ကုလားက ကုလားပဲ။ ဘာလုပ်လုပ် ထူးမှာမဟုတ်ဘူး´ဆိုတဲ့အတွေးမျိုးက ကိုယ်ကိုယ်တိုင်အတွက် အန္တရာယ်ပါ။ အမှန်က ကုလားဖြစ်လို့ ဘာမှမထူးတာမဟုတ်၊ ဘာမှမလုပ်သေးလို့ ဘာမှမထူးတာပါ။ ကိုယ့်မှတ်ပုံတင်အတိုင်းဖြည့်မယ် ဆိုတဲ့သူများ သေချာစဉ်းစားကြပါ။ ကိုယ့်နဲ့မဆိုင်တဲ့လူတွေက လူမျိုး ၆မျိုး ၇ မျိုးလောက်တွဲပေးထားတဲ့ မှတ်ပုံတင်ပါ လူမျိုးတွဲကြီးကို ဖြည့်မလား၊ ကိုယ့် လူမျိုးနာမည် ကိုယ်တိုင် ပြဌါန်းမလား။ ဒီကိစ္စက စွန့်စားစရာတောင် မလိုပါ။ အများသဘောတူတဲ့ ဘုံးခေါင်စဉ်တစ်ခု တည်းအောက်မှာ ရပ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ ကမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးအပြင် ကျန်တဲ့ အစ္စလာမ်ဘာသာဝင်အင်အား ဘယ်အတိုင်းအတာထိရှိသလဲဆိုတာ ပြဖို့ကောင်းတဲ့ အချိန်ပါ။
ခုလက်ရှိ မြန်မာပြည်က မွတ်ဆလင်တွေရဲ့ အနေအထားက နိုင်ငံရေးဘက်မှာ ဂရုထားလောက်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါဟာ နိုင်ငံရေးအရ ရှုံးနေတဲ့အချက်ပဲ။ လူများပြီး ပွဲမစည်ဘူးလို့ ပြောရမယ်ထင်တယ်။ ကိုယ့် ရပိုင်ခွင့်ကိုတောင်းဆိုဖို့ဆိုတာလည်း လက်ရှိအနေအထားကနေ ဥပဒေဘောင်ထဲက နိုင်ငံရေး အရ  တောင်းဆိုဖို့ဆိုရင်  အများစုက စုစည်းဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါတွေကတော့ ကျနော့်မှာရှိတဲ့ အခွင့်အရေးအရ မည်သူ့ကိုမျှ ပုတ်ခတ်တိုက်ခိုက် လိုတဲ့ ဆန္ဒမပါဘဲရေးထားတဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။

ဦးဦး မှော်ဆရာ
(၁၃-၁၂-၁၃)

တိုင်းရင်းသား နိုင်ငံသား မွတ်စလင်များနှင့် သက်ဆိုင်သည့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ဖွဲ့စည်း

ဇန်န၀ါရီ ၂၂၊ ၂၀၁၄
M-Media
သီရိ

ရန်ကုန် ။     ။   မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတို့ အတွက် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် ၂၀၁၄ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ကို ဇန်န၀ါရီလ ၂၁-ရက်နေ့က ဖွဲ့စည်းလိုက် ကြောင်း သိရသည်။
၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား အသိပညာပေးရန်နှင့် အကူအညီ ပေးနိုင်ရန်တို့ အတွက် ပါဝင်ထိုက်သူများဖြင့် ၎င်းအဖွဲ့စည်းအား လိုအပ်ချက်အရ ဖွဲ့စည်းလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။
၎င်းအဖွဲ့၏ ရည်ရွယ်ချက်မှာ သန်းခေါင် စာရင်းကောက်ယူရာတွင် မြန်မာမွတ်စလင်တို့အား သန်းခေါင်းစာရင်း ဆိုင်ရာ သိကောင်း စရာများကို အသိပညာ ပေးရန်နှင့် ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေဆိုနိုင်ရေးအတွက် အကူညီပေးရန်၊ မြန်မာ မွတ်စလင် များအား သန်းခေါင်စာရင်း ကောက်ယူမည့် ကိစ္စများအား ကြိုတင်သိရှိ လိုက်နာ ဆောင်ရွက်နိုင်စေရန်၊ မြန်မာ မွတ်စလင်များ အနေနှင့် ဘာသာနှင့် လူမျိုးဖြေဆိုရာတွင် သမိုင်းဝင်နှင့် ပြန်တမ်းဝင် အမည်များကို မှန်ကန်စွာ ဖြေဆိုနိုင်စေရန် စသည့် အချက်(၃)ချက်ကို ရည်ရွယ်ခြင်းဖြစ်သည်။
ကော်မတီ၏ လုပ်ငန်းစဉ်များမှာ (၁) သန်းခေါင်စာရင်းကောက်ယူရာတွင် မြန်မာမွတ်စလင် အဖွဲ့စည်းများမှ ကောက်ယူမည့် အကြောင်းအရာနှင့် ဥပဒေအကြောင်း သိရှိနားလည်စေရန် ကွင်းဆင်း ရှင်းလင်းခြင်း၊ (၂) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ ဖြေဆိုရာတွင် သမိုင်းဝင် ပြန်တမ်းဝင် လူမျိုးအမည်များကို မှန်ကန်စွာ ဖြေဆိုနိုင်ရေး အတွက် လမ်းညွန် ရှင်းလင်းတင်ပြခြင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသအလိုက် ရပ်ရွာ ကျေးရွာ အဆင့် အဖွဲ့ဝင်များက ပြည်သူများအား အခက်ခဲမရှိ ဖြေဆိုနိုင်ရေး အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။

၎င်း အဖွဲ့မှ မြန်မာမွတ်စလင်များ ဆက်လက်ပြီး သိရှိစေရန် အသိပညာပေး စာတမ်းများကို ဖြန့်ဝေသွားမည် ဖြစ်ပြီး ပညာရှင်အဖွဲ့ ဖွဲစည်းကာ အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ပြလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

စစ်ကိုင်းတိုင်းက သျှမ်းနီ လူဦးရေ တသန်းအနက် ၆၀% ကျော် ဗမာလူမျိုး နာမည် တပ်ထားခြင်း ခံရ

January 23, 2014 Posted by သျှမ်းသံတော်ဆင့်


စစ်ကိုင်းတိုင်းအထက်ပိုင်း၌ နေထိုင်သော သျှမ်း( သျှမ်းနီ သို့မဟုတ် တိုင်းလိုင်) လူဦးရေ တစ်သန်းဝန်းကျင် အနက် ၆၀ ရာခိုင်နှုန်းက ဗမာ သို့မဟုတ် သျှမ်း- ဗမာ လူမျိုးဖြစ်နေသည်ဟု သျှမ်းနီအမျိုးသား တိုးတက်ရေး ပါတီ ကပြောပါသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် သျှမ်းနီ (သို့မဟုတ်) တိုင်းလိုင် လူဦးရေ ၁ သန်းထက်မနည်းရှိကြောင်း၊ ၁၀ ရာခိုင်နှုန်းခန့်သာ ဗမာလူမျိုးစစ်စစ်နှင့်အခြားလူမျိုးများဖြစ်ကြောင်း၊ ကျန် ၉၀% မှာ မိဘ ဘိုးဘွားလက်ထက်ကတည်းက သျှမ်းလူမျိုးစစ်စစ် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ၌ မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် ၆၀% မှာ ဗမာလူမျိုးဟု အတပ်ခံထားကြောင်း၊ ထိုသူများ သျှမ်းလူမျိုးအမည်ပြန်ပေါက်ရေးအတွက် ကြိုးပမ်းနေရကြောင်း သျှမ်းနီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး စောထွန်းဝင်းကပြောသည်။

“ကျနော့်အဘိုးအဘွားလဲ သျှမ်းဘဲ၊ ကျနော်လဲ သျှမ်းအစစ်ဘဲ။ လက်ရှိအခြေအနေအရတော့ မှတ်ပုံတင် မှာ သျှမ်းနီ အမည် ပြန်ရဖို့ပေါ့။ စစ်ကိုင်းတိုင်းအထက်ပိုင်းဘဲ သျှမ်းလူဦးရေ ၁၀ သိန်းထက်မနည်း ရှိမယ်။ သျှမ်းလူမျိုး နာမည်ပေါက်နေတာ ၃၀% ပဲရှိတယ်။ ကျန် ၆၀ ရာခိုင်နှုန်းက ဗမာ၊ သျှမ်း - ဗမာဖြစ်နေကြတယ်” - ဟု စောထွန်းဝင်းက ပြောသည်။

မြန်မာအစိုးရ သတ်မှတ်ထားသည့် သျှမ်းမျိုးနွယ်စုတွင် - သျှမ်း၏ ကုတ်နံပါတ်မှာ ၈၀၁ ဖြစ်ပြီး - ယွန်းသျှမ်း၊ ခမ်းတီးသျှမ်း၊ ဂုံ၊ သျှမ်းကလေး၊ သျှမ်းကြီး၊ တိုင်းလွယ်၊ တိုင်းလျန်၊ တိုင်းလုံ၊ တိုင်းလေနှင့် မောသျှမ်း တို့လည်း ကိုယ်ပိုင်ကုတ်နံပါတ်များ တပ်ထားပါသည်။

သျှမ်းမျိုးနွယ်စုတိုင်း ကုတ်နံပါတ် ၈၀၁ ကိုသာ ရွေးသင့်သည်ဟု အများက ယူဆသော်လည်း စောထွန်းဝင်းက သျှမ်းနီတို့ အတွက် ကိုယ်ပိုင်ကုတ်ရှိသင့်ကြောင်း ပြောသည်။

“သျှမ်းဆိုရင် ကုတ်က ၈၀၁ လို့ပါတယ်။ ပြီးတော့ သျှမ်းကြီး ၈၂၂ ၊ သျှမ်းကလေးက ၈၂၁ အဲဒါက ကျနော်တို့ သျှမ်းနီကိုပဲ ဆိုလိုတယ်။ နောက် Tai Len ကုတ်နံပါတ် ၈၂၈ ဟာကလဲ သျှမ်းနီ ဘဲ ဖြစ်နိုင်တယ်။ သျှမ်းနီ အတွက် သီးသန့် ကုတ်တော့ မရှိဘူး။ ဆိုတော့ သျှမ်းနီတွေအတွက် သီးသန့်မပါတော့ အောက်ဆုံးက other ဆိုတဲ့ ကုတ် ၉၁၄ ကိုပဲရွေးလိုက်ရင် လူမျိုးခြားဖြစ်သွားမှာလား ဆိုတာလဲ စိုးရိမ်ရတယ်” - ဟု ပြောသည်။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက - အခြား ဆိုတဲ့ ကုတ်နံပါတ် ၉၁၄ ကို ရွေးရင်လဲ တိုင်းရင်းသားဟာ တိုင်းရင်းသား ဘဲ။ ဘာမှ အခွင့်အရေးမဆုံးရှုံးစေရဘူးလို့ပြောတယ် - ဟု စောထွန်းဝင်း က ပြောသည်။

လက်ရှိအစိုးရဖေါ်ပြထားသော သျှမ်းလူမျိုးအောက်တွင် ပအိုဝ်း၊ ပလောင်၊ ၀ ၊ အခါ၊ လားဟူ၊ ကိုးကန့်နှင့်အခြားလူမျိုးစုများ အပါအဝင် လူမျိုး ၃၃ မျိုး ဖေါ်ပြထားသည်။ ၎င်းတို့မှာ - (အစိုးရ ထုတ်ပြန်ထားသည့် အင်္ဂလိပ်ဘာသာအတိုင်း) – Shan – 801 , ထိုအောက်တွင် Yun(lao) 802, Kwi 803, Pyin 804, Yao 805, Danaw 806, Pale 807, En 808 , Son 809, Khamu 810, Kaw(Akha –E-Kaw)811, Ko Kang 812, Khamti Shan 813, Hkun 814, Taung Yo 815, Danu 816, Palaung 817, Manzi 818, Yin Kha 819 , Yin Net 820, Shan Gale 821, Shan Gyi 822, Lahu 823, Intha 824, Eikswair 825, Pa-O 826, Tai – Loi 827, Tai – Len 828, Tailon 829, Tai Lay 830, Maingtha 831, Maw Shan 832, Wa 833 တို့ဖြစ်သည်။

20 Jan 2014

မြန်မာမွတ်စလင် အစည်းအရုံး၏ ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ သဘောထား ထုတ်ပြန်ချက်

မြန်မာမွတ်စလင် အစည်းအရုံး၏ ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ သဘောထား ထုတ်ပြန်ချက်


၁။ မြန်မာပြည်ရှိ မည်သည့်တိုင်းရင်းသားမှ မူလဘူတ ဒေသခံလူမျိုး မဟုတ်ကြပါ။ သမိုင်းအထောက်အထားများအရ တိုင်းရင်းသားအားလုံးသည် ပြည်ပမှ ဝင်ရောက်အခြေစိုက်လာကြသူ၊ ဧည့်သည်ချည်းသာဖြစ်ပြီး၊ စောစောလာသူနှင့် နောက်ကျလာသူဟူ၍သာ ခြားနားမှု ရှိကြ၏။

၂။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ကာလမှသည် လွတ်လပ်ရေးရသည့် ကာလအထိ အာရဗ်၊ ပါရှင်း၊ ကသည်း၊ ပထန်၊ စူရတီ၊ ဘင်္ဂါလီ၊ ကျိုလီယာ၊ ကာကာ၊ မေမန်၊ နာစာပူရီစသော မွတ်စလင်များသည်လည်း မြန်မာပြည်တွင်းသို့ ဝင်ရောက်ကာ ဒေသခံများနှင့် ပေါင်းဖက်၊ ဆင်းသက်၊ အခြေစိုက် နေထိုင်ကြ၏။ ဤလူ့အဖွဲ့အစည်းသည် နောက်အကျဆုံး အခြေစိုက်နေုထိုင်သူ လူ့အဖွဲ့အစည်းဖြစ်ခြင်းကသာ တစ်ခုတည်းသော ထူးခြားချက်ဖြစ်၏။

၃။ ဤလူ့အဖွဲ့အစည်းတွင်လည်း ယခုကာလတွင် မူလဝင်ရောက်အခြေစိုက်သူ အာရဗ်၊ ပါရှင်း၊ ကသည်း၊ ပထန်၊ စူရတီ၊ ဘင်္ဂါလီ၊ ကျိုလီယာ၊ ကာကာ၊ မေမန်၊ နာစာပူရီစသော လူမျိုးဟူ၍ တစ်ဦးတစ်ယောက်မှ မရှိတော့ဘဲ၊ တိုင်းရင်းသားဒေသခံများနဲ့ ပေါင်းဖက် ဆင်းသက်လာသော သွေးရောကပြား လူမျိုးများသာ ရှိနေသည်ကို ထောက်ပြလို၏။

၎။ ဗမာ(မြန်မာ)မွတ်စလင်လူမျိုးသည် မျိုးရိုး၊ သွေး(Race or Bloodline)ကို အခြေခံသော လူမျိုးမဟုတ်။ ယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသား(Ethnic) ဖြစ်သည်။ စင်စစ် ကမ္ဘာတွင်၎င်း၊ မြန်မာပြည်တွင်၎င်း သွေးကို အခြေခံထားသော လူမျိုးဟှူု၍ မရှိပါ။ လူမျိုးတိုင်းသည် သွေးရောကပြား(Mixed-blood)ချည်းသာဖြစ်သဖြင့် သွေး(မျိုးရိုးဇာတိ)ကို အခြေခံပြီး လူမျိုးတည်ဆောက်၍လည်း လုံးဝ မဖြစ်နိုင်ပါ။ လူမျိုးတိုင်းသည် ယဉ်ကျေးမှုတူ အုပ်စုများသာဖြစ်၏။ မြန်မာပြည်၏ တိုင်းရင်းသား သတ်မှတ်မှုသည်၎င်း၊ သန်းခေါင်စာရင်းတွင် ကောက်ခံမှုသည်၎င်း၊  မိဘ၊ ဘိုးဘွားဖက်မှ ဆင်းသက်လာသော မျိုးရိုးဇာတိ (Race)ကို သတ်မှတ်ခြင်း၊ ကောက်ခံခြင်း အလျဉ်းမဟုတ်ဘဲ၊ ယဉ်ကျေးမှုတူ သွေးရောအုပ်စု တိုင်းရင်းသား(Ethnic)ကိုသာ သတ်မှတ်ခြင်း၊ ကောက်ခံခြင်းဖြစ်သည်ကို သိရာ၏။

၅။ ဤလူမျိုးစုံ သွေးရောကပြား လူ့အဖွဲ့အစည်းကို မြန်မာ့ရာဇဝင်သမိုင်းတွင် ပသီ၊ ပသီကုလား၊ ကုလား၊ ကုလားပျို၊ ဇေတဘာဒီ၊ ဗမာ(မြန်မာ)မွတ်စလင်ဟူသော အမည်အမျိုးမျိုးဖြင့် ကျောက်စာ၊ ပေစာ၊ ဘုရင့်အမိန့်ပြန်တမ်း၊ အစိုးရ အမိန့်ပြန်တမ်းများတွင် အစဉ်အဆက် ခြုံငုံမှတ်တမ်းတင်ခဲ့၏။ ဤလူမျိုးစုံ သွေးရောကပြား လူ့အဖွဲ့အစည်း တစ်ခုတည်းကိုပင် အချိန်ကာလအလျှောက် အမည်အမျိုးမျိုးဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်ကို အထူးသတိချပ်ရာ၏။ ဤလူမျိုးစုံ သွေးရောကပြား လူ့အဖွဲ့အစည်းကို မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါဆုံးသော ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလပြည်လုံးကျွတ် ညီလာခံကြီးက လူနည်းစု တိုင်းရင်းသား ဗမာမွတ်စလင် လူမျိုးဟူ၍ ထပ်မံဂုဏ်ပေး အသိအမှတ်ပြုခဲ့၏။

၆။ ထို့ကြောင့် ဗမာ(မြန်မာ)မွတ်စလင်လူမျိုးသည် သမိုင်းမရှိ၊ အသစ်တည်ထွင်မှုသာဖြစ်သည်ဟု ပြောကြားခြင်းသည်လည်းကောင်း၊ ပသီလူမျိုးသည် သမိုင်းမရှိ၊ အသစ်တည်ထွင်မှုသာဖြစ်သည်ဟု ပြောကြားခြင်းသည်လည်းကောင်း အထောက်အထားမဲ့၊ တာဝန်မဲ့ ပြောကြားချက်များသာဖြစ်၏။ လူမျိုးမတူဘဲ ယဉ်ကျေးမှုတူ၊ ဘာသာစကားတူသူတွေ ကမ္ဘာပေါ်တွင် အမြောက်အများရှိနေသဖြင့် လူမျိုးတိုင်းမှာ သီးခြား စကား၊ သီးခြား ယဉ်ကျေးမှုရှိရမည်ဟု ငြင်းခုန်နေခြင်းသည် လက်တွေ့မပါသော အကျိုးမဲ့ ငြင်းခုန်မှုသာဖြစ်၏။

၇။ တိုင်းရင်းသား ၁၄၄မျိုးစာရင်းမှ မြန်မာမွတ်စလင်လူမျိုးကို စစ်အာဏာရှင်များက တစ်ဖက်သတ် ပယ်ဖျက်ခဲ့ခြင်းနှင့်၊ မြန်မာမွတ်စလင်လူမျိုးသည် လူမျိုးအမည်ကို ကိုးကွယ်ရာသာသနာနှင့် တွဲစပ်ထားသဖြင့် မသင့်လျှော်ခြင်းကို အားလုံးသိမြင်နိုင်သည်။ လူတိုင်းတွင် လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့် အခြေခံ လူ့အခွင့်အရေးများ ရှိကြသဖြင့် မြန်မာမွတ်စလင်လူမျိုး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူဟူ၍ မဖြစ်သင့်ချေ။

၈။ လက်ရှိအခြေအနေများအရ မိမိတို့၏ မွေးရာပါ တိုင်းရင်းသားဖြစ်ခွင့်ကို ပြန်လည်ဖေါ်ထုတ်တောင်းဆိုရန်နှင့် မိမိတို့ လူ့အဖွဲ့အစည်းကို ခြုံငုံမိသော သင့်လျော်သည့် လူမျိုးအမည်တစ်ခုကို လာမည့်သန်းခေါင်စာရင်းကာလ မတိုင်မီ တညီတညွတ်တည်း ရွေးချယ်ရန် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအုပ်စုဝင် လူမျိုးစုံ သွေးရောကပြားများတွင် သမိုင်းပေးတာဝန်ကြီး ကျရောက်လာပြီဖြစ်၏။

၉။ အစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်များအရ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် အထောက်အထားများတွင် မည်သည့်လူမျိုးဟု ဖေါ်ပြထားစေကာမူ သန်းခေါင်စာရင်း ရေးသားဖြည့်သွင်းရာတွင် မိမိနှစ်သက်ရာ လူမျိုးအမည်ကို မိမိသဘောဖြင့် လွတ်လပ်စွာ တရားဝင် ရေးသွင်းနိုင်ခြင်းနှင့် ကောက်ခံပြီး သန်းခေါင်စာရင်း စစ်တမ်းများအရ ပေါ်ထွက်လာသော လူမျိုးအမည်သစ်များကို လွှတ်တော်သို့ တင်ပြအတည်ပြုပေးမည်ကိုလည်း သိရှိထားပြီဖြစ်သဖြင့် ထိုအခွင့်အခါကောင်းကို လက်လွှတ်လိုက်ပါက မြန်မာမွတ်စလင်ခေါင်းဆောင်များသည်၊ တာဝန်မဲ့သူများ၊ အမြင်တိုသူများ ဖြစ်ချိမ့်မည်။

၁၀။ မိမိတို့ မိဘဘိုးဘွားများက အသက်သွေးချွေးပေးဆပ်၍ ရယူပေးခဲ့သော မိမိတို့၏ မွေးရာပါပိုင်ခွင့် တိုင်းပြည်၏ အရှင်သခင် တိုင်းရင်းသားဖြစ်ခြင်းကို ပြန်လည်တောင်းဆိုတိုက်ပွဲဝင်ခြင်းဖြင့် မိဘဘိုးဘွားတို့၏ သမိုင်းဂုဏ်ကို ပြန်လည်မြှင့်တင်နိုင်သော ထိုက်တန်သည့် နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်သည်ကို သက်သေထူကြဖို့ အချိန်တန်ပေပြီ။ မိဘဘိုးဘွားများက ပေးအပ်ခဲ့သော အမွေအနှစ်ကို မထိမ်းသိမ်းနိုင်၊ မစောင့်ရှောက်နိုင်သော ကျေးဇူးတရားမဲ့ အချီးနှီးဖြစ်သည့် အနုံညာတ သားဆိုး သမီးမိုက်များ မဖြစ်အောင် ကျွန်ုပ်တို့အားလုံး ညီညီညွတ်ညွတ်လက်တွဲ လျှောက်လှမ်းကြဖို့ အရေးတကြီး လိုအပ်လာပြီဖြစ်၏။

၁၁။ အထူးသဖြင့် မြန်မာမွတ်စလင် ခေါင်းဆောင်များ၊ အဖွဲ့အစည်းများသည် သန်းပေါင်းများစွာသော လူမျိုးစုံပါဝင်သည့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းကို လမ်းကြောင်းမှန်သို့ ညွှန်ပြဦးဆောင်မှုပေးရန် အဓိက တာဝန်ရှိကြသူများ ဖြစ်ကြောင်းကို အလေးအနက်ထား သတိပေး နှိုးဆော်အပ်သည်။


မြန်မာမွတ်စလင် အစည်းအရုံး                                                                                                          ဇန္နဝါရီ ၂၀၊ ၂၀၁၄

 Media Contact; -

ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org; ကိုမျိုးဝင်း 0950 70304 (မြန်မာ) starmywin@gmail.com; ကိုကျော်ဝင်း +44-740-345-2378(UK) kyawwin78@gmail.com; ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်တစ်သန်းကို သန်းခေါင်စာရင်း ကောက်နိုင်မည်မဟုတ်ဟု KNU သုံးသပ်

ဟင်္သာနီ(မွန်မြေ)| ဇန်န၀ါရီ ၁၇၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

လာမည့်မတ်လတွင် ကောက်ရန်ရှိသည့် သန်းခေါင်စာရင်းတွင် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရောက် ဒုက္ခသည် တစ်သန်းကျော်ကို ကောက်ခံနိုင်မည်မဟုတ်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က သုံး သပ်ထားသည်။

“ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရော၊ ထိုင်းနိုင်ငံအပါအ၀င် မြန်မာနိုင်ငံမှာရော ရွှေ့ပြောင်း နေထိုင်တဲ့ ကရင်လူမျိုး စုစုပေါင်း တစ်သန်းလောက်အထိ ဒီသန်းခေါင်စာရင်းထဲမှာ ပါဝင်နိုင်မှာ မဟုတ် တာတော့ သေချာတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး(၂) ဖဒိုမန်းမန်းက ပြောသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးကွဲများကို အခေါ်အဝေါ် သတ်မှတ်ထားခြင်း၊ကုတ်နံပါတ် သတ်မှတ်ထားခြင်း ကောက်ယူပုံ ကောက်ယူနည်း သင်တန်းပေးခြင်း စသည့် အဆင့်များ၌ လည်း အဆင့်ဆင့် ညှိနှိုင်းရဦးမည်ဟုလည်း သူက ဆိုသည်။

“ဥပမာ ကရင်လူမျိုးဆိုရင် ကုတ်က ၃၀၁ ဖြစ်ပြီး၊စကောကရင်ဆိုရင် ၃၀၂ ဖြစ်သွားတာမျိုးတွေက လွဲနေ တယ်။ ကုတ်က ကရင်လူမျိုးကိုလည်း ကိုယ်စားပြုရမယ်။ လူမျိုးကွဲကိုလည်း ကိုယ်စားပြုရမယ်။ ဥပမာ ဆိုရင် ကုတ် ၃ အကြီးကို ကရင်လူမျိုးလို့သတ်မှတ်ပြီး ၀၁ ဆိုရင် ဘယ်ကရင်လူမျိုးကွဲ၊ ၀၂ ဆိုရင် ဘယ် ကရင်လူမျိုးကွဲ ကျွန်တော်တို့က အဲလို ဖြစ်စေချင်တယ်”ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကုတ်သတ်မှတ်ချက်ကို KNU ဘက်မှ သဘောမကျသဖြင့် ပြင် ဆင်ပေးရေးနှင့် လူမျိုးကွဲအမည်များ ပါဝင်နေခြင်းကိုလည်း ပြင်ဆင်ပေးရန် KNU က တောင်းဆိုထား သည်။

သို့သော် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် အစိုးရအဖွဲ့နှင့် ပူးပေါင်းပါဝင်မည်ဟု ဖဒိုမန်းမန်းက ပြောသည်။ အခြား ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA, KNU,KNLA-PC,BGF တို့ကလည်း ပူးပေါင်းပါဝင်သွားမည် ဖြစ်သည်။

“ဒါက ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်စီမံချက်နဲ့ လုပ်တယ်။ လုပ်သင့်လုပ်ထိုက်တာလည်း ဖြစ်တယ်ဆို တော့ ပူးပေါင်းပါဝင်ဖို့ သဘောထားပေးလိုက်တယ်”ဟု DKBA ဗိုလ်မှူးထွန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင်နေထိုင်သည့် ကရင်လူဦးရေသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများအရ ရှစ်သန်းမှ ၁၀ သန်းအထိ ရှိနိုင်သည်ဟု David Tharkabaw, Roland Watson တို့ ရေးသားသည့် (The Karen People of Burma) အစီရင်ခံစာ၌ ဖော်ပြထား သည်။

သန်းခေါင်စာရင်းတွင် လူမျိုးအမည်များ ကွဲပြားနေသော်လည်း ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများ KACHIN ဟုသာ ထည့်သွင်းမည်

(mizzima)
Written by မြတ်ကျော်သူ

၂၀၁၄ တွင် တစ်နိုင်ငံလုံး ကောက်ယူတော့မည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးအမည်များ ကွဲပြား နေသော်လည်း ရှမ်းပြည်နယ်တွင်နေထိုင်သည့် ကချင်လူမျိုးများက လူမျိုးနေရာတွင် ကချင်တစ်မျိုး တည်းသာ ထည့်သွင်းသွားမည်ဟု ရှမ်းပြည်နယ်လွှတ်တော် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါ ဇုတ်ဒေါင် (Duwa Zuk Dau)က ဇန်န၀ါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများနှင့်ပတ်သက်၍ ဇန်န၀ါရီ ၁၇၊ ၁၈ ရက်က လူမျိုးစုကိုယ်စားလှယ်များ ဆွေးနွေးခဲ့ပြီး လူမျိုးစုများ ကွဲပြားနေသော်လည်း ကချင်ဟူသည့် လူမျိုးဘုံနာမည်တစ်ခုတည်းသာ ထည့် သွင်းသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“ကချင်ပြည်နယ်ကလူမျိုးတွေနဲ့ အခြားဒေသက ကချင်လူမျိုးတွေကတော့ လက်ခံချင်မှ လက်ခံမှာပေါ့။ ရှမ်းပြည်နယ်မှာနေတဲ့ ကချင်တွေရဲ့ သဘောထားကတော့ ကချင်လို့ပဲ ထည့်မယ်”ဟု ရှမ်းပြည်နယ်၊ က ချင်တိုင်းရေးသားရေးရာဝန်ကြီး ဒူဝါ ဇုတ်ဒေါင် (Duwa Zuk Dau)က ဆိုသည်။

သို့သော် ကချင်ပြည်နယ်ရှိ ကချင်လူမျိုးများကမူ ဘုံအမည် ကချင်ကို မထည့်သွင်းဘဲ ၎င်းတို့၏ မျိုးနွယ် စုနာမည်များကိုသာ ထည့်သွင်းမည်ဟု ပြောကြားချက်များ ရှိနေသည်။ ၂၀၁၃ ဒီဇင်ဘာ ၁၇၊ ၁၈ က က ချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) ဌာနချုပ်၊ လိုင်ဇာတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ကချင်မျိုးနွယ်စု အားလုံး ကချင်အမည်ဖြင့် ထည့်သွင်းသွားရန် သဘောတူညီခဲ့ကြသေးသည်။

“အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ သိချင်တယ်။ ဒီလိုမျိုးလုပ်လိုက်ခြင်းအားဖြင့် တိုင်းရင်း သားတွေအချင်းချင်း ညီညွတ်မှုတွေ ပျက်ပြားနိုင်တယ်။ ပြီးတော့ နိုင်ငံရဲ့အစိုးရက ကိုယ့်တိုင်းရင်းသား တွေ ဘယ်နှမျိုးရှိတယ်ဆိုတာတောင် တိတိကျကျ မသိဘူးလား”ဟု ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်နော်က ဝေဖန် ထောက်ပြသည်။

ထို့ပြင် ယခုထုတ်ပြန်ထားသည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုး၊ ချင်းလူမျိုး ဟူသည့် လူမျိုးစုကြီးနှင့် ပတ်သက်၍ သီးခြားရှင်းလင်းချက်မျိုး၊ ထုတ်ပြန်မှုမျိုးလည်း လိုအပ်ပြီး လောလောဆယ် ထုတ်ပြန်ထားမှု များသည် တိုင်းရင်းသားလူမျိုးများအတွက် ရှင်းလင်းမှုမရှိဟု ဦးဇော်နော်က ဆိုသည်။

တိုင်းရင်းသားလူမျိုး၏ ယခုကဲ့သို့ မရှင်းလင်းဘဲ ကွဲပြားမှုအခြေအနေများ ဖြစ်ပေါ်နေခြင်းအပေါ် အစိုးရ အနေနှင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ သူ့သဘောနှင့်သူ လုပ်ခြင်းထက်၊ တိုင်းရင်းသား လူမျိုးခေါင်း ဆောင်များနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ခြင်းက ပို၍သင့်လျော်မည်ဟုလည်း ဦးဇော်နော်က ထောက်ပြ သည်။

ကချင်လူမျိုးများ၏ သတ်မှတ်ချက်အရ ကချင်ဟူသည့် ဘုံအမည်လူမျိုးအောက်တွင် ကချင်ဟူသည်မှာ လူမျိုးအဖြစ်မပါဝင်ဘဲ မျိုးနွယ်စုအားလုံးကို ဘုံ၊ ကိုယ်စားပြု ခေါ်ဝေါ်သည့် အမည်သာ ဖြစ်သည်။ အစိုးရ ၏ထုတ်ပြန်ချက်အရ ကချင်လူမျိုးနွယ်စု ၁၂ မျိုးရှိနေပြီး ကချင်ဟူသည်မှာလည်း မျိုးနွယ်စုငယ်တစ်ခုအ ဖြစ် ပါဝင်နေသည်။

ကချင်လူမျိုးများ၏ သတ်မှတ်ချက်အရ ဂျိန်းဖော၊ လော်ဝေါ်(မရူ)၊ ဇိုင်ဝါး၊ လချိတ် (လရှီ)၊ ရ၀မ်၊ လီဆူး နှင့် နုန်လမိ ဟူသည့် မျိုးနွယ်စု ခုနစ်ခုသာရှိပြီး အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဇိုင်ဝါးကို အဇီးဟု ထပ်မံ ပါဝင်ကာ ခါးခူး၊ ဂေါင်ရီ၊၊ ဒလောင် စသည့် အမည်များမှာ လူမျိုးမဟုတ်ဘဲ ဒေသကို အစွဲပြု၍ ခေါ်ဝေါ် သည့် အမည်များဖြစ်သည်ဟု ကချင်လူမျိုးများက ဆိုသည်။

ယခုကဲ့သို့ မှားယွင်းမှုများနှင့် ရှမ်းပြည်နယ်တွင် နေထိုင်သည့် ကချင်လူမျိုးများ၏ သဘောထားများကို ဇန်န၀ါရီနောက်ဆုံးပတ်အတွင် ထုတ်ပြန်သွားနိုင်ရန် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က စီစဉ်ထား သည်။

တိုင်းရင်းသားများအကြား လူမျိုးစုနာမည်များ၊ မျိုးနွယ်စုနာမည်များနှင့်ပတ်သက်၍ မရှင်းလင်းသေးသော် လည်း ၂၀၁၄ ခုနှစ်၊ မတ် ၃၀ မှဧပြီ ၁၀ ထိ ၁၂ ရက်ကြာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု အစိုး ရက ကြေညာထားသည်။

(https://www.facebook.com/photo.php?fbid=556843211078503&set=pcb.556844957744995&type=1&theater)
(ဒူဝါ ဇုတ်ဒေါင် (Duwa Zuk Dau)အား (17.1.2014) ကွတ်ခိုင်ဆွေးနွေးပွဲတွင်တွေ့ရစဉ်။)

12 Jan 2014

၂၀၁၄ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ လူမျိုး များ အတွက် သီးခြားကုဒ် နံပါတ် သတ်မှတ်ပေးရေး နိုင်ငံရေး ပါတီနှစ်ခု တောင်းဆို

ဇန်န၀ါရီ ၁၁
Friday Journal


ရခိုင်ပြည်နယ် အခြေခံ သော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (NDPD) နှင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပါတီ(DHRP) နှစ်ခုတို့က လာမည့် မတ်လ သန်းခေါင်စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ သတင်းစာရှင်း လင်ပွဲကို ဇန်န၀ါရီ ၁၀၊ သောကြာနေ့ နေ့တွင် DHRP ရုံးချုပ်တွင် ပြုခဲ့သည်။ ၎င်းပါတီနှစ်ခုက သန်းခေါင်စာရင်း လူမျိုး အမည် ဖြည့်စွက်ရာတွင် တိုင်းရင်း သား လူမျိုး ၁၃၅ မျိုး ထဲတွင် မပါရှိသည့် အခြားလူမျိုးများနှင့် လူဦးရေ တစ်သန်းကျော်ရှိသည့် ရိုဟင်ဂျာ လူမျိုး များကို အခြား Other စာရင်းအောက်တွင်မထားပဲ သီးခြားကုဒ် နံပါတ် တစ်ခုစီ သတ်မှတ်ပေးရန် သတ်မှတ် ပေး ရန် တောင်းဆိုလိုက်ပါသည်။

ရခိုင်ပြည်နယ် ရှိ အစ္စလာမ်ဘသာဝင် ဒေသခံများ သည် မွေး ရာပါ နိုင် ငံသား ဖြစ်သည့် အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိရေး ကို နိုင်ငံ တော် အစိုးရမှ ဆောင်ရွက်ပေး ရန်၊ နိုင်ငံတော် အစိုးရ အစဉ် အဆက် တရားဝင် အစိုးရမှတ်တမ်းများ၊ ပြန် တမ်း များ၊ ကာ ကွယ်ရေး ဌာနမှ ထုတ်ဝေသော စာစောင်များ၊ အသံလွှင့် အစီအ စဉ်များ၊ မြန်မာ စွယ်စုံ ကျမ်း များ ၊ လက်ရှိ တက္ကသိုလ် ကျောင်း သုံးစာအုပ် များတွင် ရိုဟင်ဂျာ အမည်ကို သုံးနှုန်းဖော်ပြ ခဲ့ခြင်းဖြင့် မည်သည့် ပြဿနာမျှ မပေါ်ပေါက်ခဲ့၍ ၂၀၁၄ သန်းခေါင်စာရင်း ကောက် ယူ ရာတွင် ရိုဟင်ဂျာ အမည် ကို ဖြည့်စွက် ပေးရန် ၊ ၎င်းပါတီနှစ်ခုမှ ထုတ်ပြန်သော ကြေညာ ချက် တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်း စာရှင်း လင်းပွဲ တွင် တက်ရောက် ခဲ့သော မီဒီယာများ၏ မေးမြန်ချက်နှင့် ပါတီနှစ်ခုမှ ဖြေကြား ချက်အချိုကို ဖော်ပြ ပေး လိုက် ပါသည်။

ဧရာဝတီ သတင်းဌာန မေးမြန်းချက်
===================

ရိုဟင်ဂျာ ဆိုတာ ဘာကြောင့်အရေးကြီးလဲ၊ ပြဿနာဖြစ်အောင် လှုံ့ဆော်တာ ၊ အောက်ခြေက ဘာမှ သိတာ မဟုတ် ဘူး လို့ရခိုင်လူမျိုးတွေ ပြောနေတာရှိ ပါတယ်။ ရိုဟင်ဂျာ ဦးရေ ဘယ်လောက်ရှိလဲ ဆိုတာ သိလိုပါ တယ်။

ဦးကျော်မင်း (DHRP) ဖြေကြားချက်

လူမျိုးတစ်မျိုးမှာ Identity ရှိတယ်။ ဒီလူမျိုးမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ Identity အရင်က ရှိခဲ့တယ်။ ဒါကို လက်ရှိ မှာ အသိအမှတ် မပြုတဲ့ပုံစံ မျိုးတွေ့လာရတယ် ၊ လစ်လျူရှုတဲ့ အနေအထားရှိတဲ့အ တွက်ကြောင့် ပြန်ပြီးတော့ တောင်းဆိုရတာဖြစ်ပါတယ်။

အသစ်တောင်းတာမဟုတ်ပါဘူး။ အရင်က ရှိခဲ့တဲ့ Identity ကို ပြန်ပြီး အသိအမှတ်ပြုပါ လို့ တောင်းဆိုခြင်းဖြစ်တယ်။ ရိုဟင်ဂျာ ဆို တာ ကို တောင်းဆိုခြင်းက ပြဿနာဖန်တီးတာ မဖြစ်နိုင်ပါဘူး။ လူ တစ်ယောက်က သူ့အမည် နဲ့ ဘယ်လိုပဲ ထားထား၊ မွန်ပဲခေါ်ခေါ် ၊ ဘာပဲ ခေါ်ခေါ် သူရဲ့ခံစားပိုင်ခွင့် ဘဲ ၊ Basic Right နဲ့ Human Right နဲ့တောင်မတူဘူး။ Basic Right ဆိုတာ Human Right ထက် အဆပေါင်းများစွာ တန်ဖိုးရှိတယ်။

Basis Right ဆိုတာ ထမင်းစားခွင့်ရှိရမယ်။ ထမင်းမစားနိုင်အောင် ပိတ်လိုက်ရင် Basic Right ကို ကျူးလွန်တာပဲ။ လူမျိုး တစ်မျိုးက သူ့လူမျိုးအမည် သူခံယူပိုင်ခွင့်ရှိတယ်။ အခုမှ ဖန်တီးတာမဟုတ်ဘူး။ အရင်ကတည်းရှိခဲ့တယ်။

သူတို့ကို ရိုဟင်ဂျာ ခေါ်လို့ အရင်တုန်းက ဘာမှ ပြဿနာမရှိခဲ့ဘူး။ အရင် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ရိုဟင်ဂျာ ကိုယ် စား လှယ်တွေ တက်ရောက်ခွင့်ရခဲ့တာကိုး။ အဲဒီတုန်းက ဘယ်လိုပြဿနာမဖြစ်ခဲ့ဘူး။ အခု ပြဿနာဖြစ် မယ် လို့ ပြောခြင်းသည် တနည်းအားဖြင့် ခြိမ်းခြောက် တာပဲ ။ အဲဒါ Psychology တစ်မျိုးဘဲ။ ကျွန်တော်အမြင့်မှာ ရိုဟင် ဂျာ ပြောခြင်းသည် ဘာပြဿနာမှ မရှိဘူး။ ဘာလူမျိုးနဲ့မှ ရန်ဖြစ်ချင်တာ မဟုတ်ဘူး။ အဲဒါလေး ပြောချင် တယ်။ ရိုဟင်ဂျာ ဦးရေးက ရခိုင်ပြည်နယ် လူဦးရေး ၂၉ရာခိုင်နှုန်း ၊ ၃၃၃၈၆၆၉ ရခိုင်ပြည်နယ် လက်ထက် မှာ လည်း သုံးပုံတစ်ပုံ ၊ အခုလည်းသုံးပုံတစ်ပုံ ရခိုင်အစီအရင်ခံစာ စာမျက်နှာ ၉ မှာ ပါတယ်။

အေပီ သတင်းဌာန မေးမြန်းချက်
================
ဒီလို တောင်းဆိုတဲ့အပေါ်မှာ ရခိုင်ဘက် တုန့်ပြန်မှု ဘယ်လိုတွေရှိလာမလဲ၊ စစ်တွေမှာ သီးခြားစီနေရတဲ့ အခြေ အနေ မှာ ရှိတဲ့အတွက် ယခင်လို တစ်နေရာတည်းမှာ ပြန်နေနိုင်ရေး က ဖြစ်နိုင်ခြေ ရှိပါ့မလား။ ရိုဟင်ဂျာလို သတ်မှတ်ပေးရင် အတူယှဉ် တွဲနေထိုင်နိုင်တဲ့ အခြေအနေရှိပါ့မလား
ဦးကျော်မင်း (DHRP) တုန့်ပြန်မှု ဆိုတာ တုန့်ပြန်မယ့် သူတွေ အပေါ်မှာ မူတည်ပါတယ်။ ရိုဟင်ဂျာ လို့ခံယူတွေမျာ၇န်လိုချင်တဲ့ ဆန္ဒ မရှိ ဘူး။ တရားဥပဒေနဲ့ကျော်လွန်ပြီး တုန့်ပြန်လာရင် တရားဥပဒေနဲ့ ကာကွယ် သွားရမယ်။

မကြာခင် ကာလအ ထိ ၂၀၀၀ ကျော်တဲ့နှစ်တွေအထိ ရိုဟင်ဂျာ အဖြစ်ရပ် တည်လာတယ်။ အိမ်ထောင်စုတွေအားလုံးမှာ ရိုဟင်ဂျာ အဖြစ်ဖေါ်ပြခဲ့တယ်။ ဘာမှ ပြသနာမရှိခဲ့ဘူး။ အတူယှဉ် တွဲနေထိုင်ပါ့မလား ဆိုတာကတော့ ရခိုင်ပြည်နယ်မှာ ရွာပေါင်းရာချီ ပြီး မွတ်စ လင်ရွာနဲ့ ရခိုင်ရွာ ရောနှောပြီးနေ ခဲ့တယ်။ ရခိုင်ဘုရင်ခေတ်မှာရော၊ အင်္ဂလိပ်ခေတ်မှာရော၊ လွတ်လပ်ရေး ရပြီးနောက်မှာရော ၂၀၁၂ မတိုင်ခင် စစ်တွေ မြို့ပေါ်မှာ ရခိုင်တစ်ဝက် ၊ ရိုဟင်ဂျာ တစ်ဝက် နေခဲ့ကြတယ်။ ၂၀၁၂ ခုနှစ်အထိ အတူယှဉ်တွဲနေ ထိုင်နိုင်ခဲ့တဲ့ လူမျိုး၊ သည် အဘယ့်ကြောင့် အခု အတူယှဉ်တွဲနေထိုင် လို့မရဘူးဆိုတာ ပေါ်လာနေ ပါသနည်း။

ကျွန်တော်တို့က အတူတူ ယှဉ်တွဲနေထိုင်ဖို့ရှိတယ်။ လူမျိုးနှစ်မျိုးဟာ အတူယှဉ်တွဲ နေထိုင်လို့မရဘူးဆိုတဲ့ အယူ အဆဟာ ၂၀ရာစုမှာကျန်ခဲ့ပြီး။ လူမျိုးတိုင်းက လက်ခံနေပါပြီ။ အရင်လည်း အတူတူနေခဲ့တယ်။ အခုလည်း အ တူ တူနေနိုင်မယ်လို့ ဦးတို့က ခံယူတယ်။ရခိုင်ကိုကျွန်တော်တို့ ရဲ့ရန်သူလို ၊ ပြိုင်ဘက် လို မမြင်ပါဘူး။ သူတို့နဲ့ ကျွန်တော်တို့ စီးပွားရေးလုပ်တယ်။ ဆက်နွယ်မှု ရှိတယ်။ မှီခိုမှု ရှိတယ်။

Interdependent ပါပဲ။ သူတို့က ကျွန် တော်တို့ရဲ့ မိတ်ဖက်ပါပဲ။ သူတို့နဲ့ ကျွန်တော်တို့အကြားမှာပြောတဲ့ တတိယ ဘောသာစကားတစ်ခု ရှိတယ်။ ရခိုင် တစ်ဝက် ၊ ရိုဟင်ဂျာတစ်ဝက် ရောပြီးပြောတဲ့ ဘာသာစကား၊ မြောက် ပိုင်း မှာရှိတယ်။ သူတို့နဲ့ ကျွန်တော်တို့က မိတ်ဆွေတွေဘဲ။ အိမ်နီးနားချင်းတွေဘဲ၊ ယဉ်ကျေးမှု ရော နှော မှုတွေ အများကြီးရှိတယ် ဦးတို့က အစပ်စားတယ်။ သူတို့လည်းအစပ်စားတယ်။


Phoenix သတင်းဌာန ၊ဟောင်ကောင် မေးမြန်းချက်
========================

ရိုဟင်ဂျာ ဆိုတာ အရင်က ရှိခဲ့တယ်လို့ တစ်ဖက်က ဆိုပါတယ်။ ရခိုင်ဘက်က မရှိဘူးလို့ ပြောနေတာ ရှိတယ်။ ဒီလို ခြားနားတဲ့တင်ပြ ချက် နှစ်ခုကို ဘယ်လိုညှို့နှိုင်းမှု တွေ လုပ်မလဲ။


ဦးကျော်မင်း (DHRP)

ရှိတယ်လို့ ပြေတာ၊ အထောက်အထားနဲ့ပြောတာ။ ကိုယ်ပိုင်အထောက် အထားနဲ့ပြောတာမဟုတ်ဘူး။ နိုင်ငံ တော် အထောက်အ ထားနဲ့ပြော တာ။၁၉၆၀ ကနေ ၁၉၆၅ ခုနှစ်အထိ မြန်မာ အသံမှာ တိုင်င်းရင်းသား အစီ အစဉ်မှာ ရိုဟင်ဂျာ ဘာသာစကားပါ တယ်။ နိုင်ငံတော် ခွင့်ပြုမှသာ ဒီမှာ ၀င်နိုင်တာ။ရိုဟင်ဂျာကို တိုင်းရင်း သား အဖြစ် အသိအမှတ်ပြုလို့ ဒီလိုနေရာပေးတာ ရှိတယ်ဆိုအထောက် အထား ထောင် ကျော်ပြနိုင်တယ်။ အစိုးရ မှတ်တမ်းဝင်အထောက်အထား ။ ဟိုးရှေးခေတ်က အထောက် အထား မဟုတ်ဘူး။ ၂၀၀၈ ခုနှစ်ထုတ် ခဲ့တဲ့ တက္ကသိုလ် ပထမနှစ် ပထ၀ီ စာအုပ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ နေ တယ်လို့ ပါတယ်။

ရှိတယ် ဆိုတဲ့အကြောင်း အထောက်အထားနဲ့ပြောပြမယ်။ မရှိတဲ့သူက အထောက်အ ထားနဲ့ပြောဖို့ လိုတယ်။ အထောက်အထားမရှိဘဲ အကြောင်းပြချက် မခိုင်လုံပဲ မရှိဘူးလို့ပြောတာ မသင့်တော်ဘူး လို့ မြင်တယ်။ အရင်သန်းခေါင်စာရင်းတွေမှာ မရှိဘူး၊ အင်္ဂလိပ်ခေတ်မှာ သန်းခေါင်စာရင်းမှာအားလုံးကို မွတ်စလင် လို့ပဲ ခေါ်တာ။

အိန္ဒိယမှာလည်းမွတ်စလင်၊ ဗမာပြည်မှာလည်း မွတ်စလင်ဘဲ၊ အခွင့် အရေးလည်းမရှုံးခဲ့ဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တိုင်းရင်း သားလူမျိုးကိုယ်ပိုင်နာမည် မရှိရင်အခွင့်အရေးံဆုံးရှုံးတဲ့ အတွက် ကြောင့် တောင်းတယ်။ တောင်းတဲ့အတိုင်းပဲ နိုင်ငံတော်ကပေးတယ်။ အခု မှ မရှိဘူးဆိုတာက ဘယ်လိုပြောလဲမသိဘူး။

သန်းခေါင်စာရင်းမှာ ပြဿနာမရှိဘူးလို့ထင်တယ်။ လ၀က ၀န်ကြီးက မိမိ လူမျိုးနာမည်ကို ထည့်ခွင့်ရှိတယ်လို ကျွန်တော်တို့ကို ပြောထား တဲ့အ တွက်ကြောင့် သူတို့က ရိုဟင်ဂျာလို့ ဖြည့်မှာဘဲ။ သူဘက်က (အစိုးရ) Code နံပါတ်ပေးရင် သူတို့မှာ ဘာမှ ဆုံးရှုံးစရာမရှိဘူး။ ၁၃၅ မျိုးကို ကုဒ်နံပါတ် တစ်ခုစီ ပေးထားတယ်။ ကျန်တဲ့သူ လေးငါးဆယ်မျိုး ကိုလည်း ကုဒ်နံပါတ် တစ်ခုစီ ပေးတာနဲ့ နိုင်ငံတော်မှာ ဘာမှ နစ်နာစရာ မရှိဘူး။ ဇူးမီးတွေ၊ ကူကီးတွေ၊ ရှမ်းနီ တွေ လည်း ဒီအတိုင်းဘဲ နေနေတာဘဲ။


မြန်မာ တိုင်းမ် မေးမြန်းချက်
==============

သန်းခေါင်စာရင်းကိစ္စနဲပတ်သက်လို့ ခင်ဗျားတို့အနေနဲ့ UNFPA နဲ့ ဆက်သွယ်ဆောင်ရွက်တာ ရှိပါသလား။


ဦးခင်မောင်မြင့် (NDPD)

UNFPA နဲ့ ဆက်သွယ်ဆောင်ရွက် ခဲ့ပါတယ်။ ရိုဟင်ဂျာ ကုဒ်နံပါတ်မပါတဲ့အတွက် စိုးရိမ်ကြောင်း ပြော ဆိုခဲ့ ပါတယ်။ သူတို့က နည်းပညာပိုင်းနဲ့ ငွေကြေးထောက်ပံ့မှု ကို သာ ကူညီပေးတာ ဖြစ်တယ်သူတို့အနေနဲ့ ကုဒ်နံ ပါတ်ထည့်ပေးပါ လို့ တောင်းဆိုလို့မရဘူး ပေါ့ ဒီကိစ္စကို အကြံပြုတင်ပြပါ့မယ် ကတိတော့မပေးနိုင်ပါဘူး လို့ ပြောပါတယ်။ ၁၃၅ ထဲမှာ တစ်ချိုကက လူသောင်းကျော်တောင်မရှိတာတွေရှိတယ်။ သူတို့မျာ ကုဒ်နံပါတ် ရှိတယ်။ တိုင်းရင်း သား ဖြစ်ခွင့်၊ နိုင်ငံသးဖြစ်ခွင့် နဲ့မသက်ဆိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အေပီသတင်းဌာန မေးမြန်းချက်
==============

စစ်တွေမြို့အပြင်မှာ ရှိနေတဲ့ လူတစ်ချို့ရဲ့ အိမ်ထောင်စုစာရင်းတစ်ချို့ တွေ ဖူး တယ်။ ၁၉၈၉ ခုနှစ် လောက် တုန်း က အိမ်ထောင်စုစာရင်းမှာ ရိုဟင်ဂျာ လို့ရေးးထားတယ်။ ၄ ၅ နှစ်ကြာတော့ ဘင်္ဂလီလို့ ပြောင်းပေးလိုက်တာ လို့ ကျွန်မကိုပြောပါတယ်။ အဲဒီအိမ်ထောင်စုစာရင်း ကိုကိုင်ပြီးနေနေ ရတဲ့အချိန်မှာ အဲဒီ စာရွက်စာတမ်းအ ထောက် အထားတွေက ဘာ အခက်အခဲများရှိလာနိုင်သလဲ။


ဦးမောင်နီ (NDPD)

အိမ်ထောင်စုစာရင်းမှာ ရိုဟင်ဂျာလို့ နိုင်ငံတော်အဆင့်က တာဝန်ရှိ သူတွေပေးတယ်။ပြီးတော့ နိုင်ငံတော် အဆင့်တာဝန်ရှိသူတွေ ကပေးတာဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းကို တာဝန်ရှိ သူတွေ တောင်း ရင်းပေးရ မှာဘဲ။ ရေးပေးတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းနဲပဲ သက်ဆိုင် တယ်။ ဥပမာ စစ်အစိုးရ အုပ်ချုပ်တဲ့အချိန်မှာ ကျွန်တော်တို့မှာ စုဝေးခွင့်တောင်မရခဲ့ဘူး။

မီဒီယာ ကန့်သတ်ချက်တွေရှိတယ်။ အခုချိန်က ပွင့်လင်းလာ တဲ့ ခေတ်မှာ တင်ပြပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိ လာတဲ့ အတွက် တင်ပြခြင်းဖြစ်တယ်။ လက်တစ်လုံးခြားတွေ ရှိခဲ့တာတွေကို တင်ပြခြင်းဖြစ်တယ်။

တချိန်က ရိုဟင်ဂျာ ပြောခဲ့တယ်။နောက်ဘင်္ဂလီပြောတယ်။ အဲလိုပဲ ၁၉၈၂ မတိုင်ခင် က တစ်နိုင်ငံလုံးမှာ NRC ကဒ်လို့ခေါ်တဲ့ သုံးခေါက်ချိုး တပြေးညီရှိခဲ့တယ်။ ၁၉၉၀ နောက်ပိုင်းမှာ ပေါ်လစီပြောင်းတဲ့ အခါ မှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြားထုတ်ပေးခဲ့တယ်။ ရခိုင်ပြည်နယ် မှာ ဒေသခံတွေရဲ့ကဒ်ပြားကို လဲပေးမယ်ဆိုပြီး တောင်းလိုက် တယ်။ White Card တွေ ပေးတယ်။ ပြန်စိစစ်ပြီးမှ ပေးမယ် ဆိုပြီး တောင်း ယူခဲ့ကြတယ်။

တချို့မှလည်း ကဒ်တွေရှိရဲ့သားနဲ့ White Card တွေ ထုတ်ပေးခဲ့ ပါတယ်။ ပြန်စိစစ်ပြီးပေးမယ်လို့ ပြောတယ်။ ဒီကိစ္စကို တစ်နိုင်ငံလုံး သိအောင် သတင်းစာရှင်း ပွဲမှာ တင်ပြခြင်းဖြစ်တယ်။ ဒီကိစ္စက ထင်ယောင်ထင်မှားရှိနေရင် နောင်တချိန်မှာ အဟန့်အတား ရှိနိုင်တယ်။ လ၀က ၀န်ကြီးက သန်း ခေါင် စာရင်း ကောက် ယူတာ က နိုင်ငံ သားဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်းနဲ့ မဆိုင်ဘူး ဆိုပြီးပြောထားတာ ရှိပါတယ်။

မှတ်မှတ်ရရ ပြည် ထောင်စု ၀န်ကြီးပြောသွားတာ ရှိပါတယ်။ အမေက Census မှာ လူမျိုး အမည် နှစ်မျိုးမသုံးပါနဲ့ ။ မွန်ဆို မွန် ၊ ကရင်ဆို ကရင် လွတ်လွတ်လပ်လပ်မှန်မှန်ကန်ကန် ထည့်ဖို့ ပြောထားတာရှိပါတယ်။ သန်း ခေါင်စာရင်းကောက်ခြင်းက ပြည်သူတွေကို အကာအကွယ် ပေးထား တယ်။

IRIN သတင်းဌာန မေးမြန်းချက်
=================

သန်းခေါင်စာရင်းမှာ ထည့်သွင်းပေးဖို့ တောင်းဆိုချက် ကို မထူးခြား လာဘူးဆိုရင် ဘာလုပ်မလဲ ဆိုတာ သိလိုပါတယ်။

ကိုခင်မောင်ထွန်း NDPD)

ရိုဟင်ဂျာလူမျိုးတွေ အတွက် ကုဒ်နံပါတ် ရရှိဖို့ ရေရှည် ကြိုးစားသွားပါမယ်။ကျွန်တော် ပြောခဲ့တဲ့အတိုင်းပါပဲ သန်းခေါင်းစာရင်း နောက်ဆုံးအချိန်အထိ ကြိုးစားသွားပါမယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ လက်ခံသွား မယ်လို့ မျှော်လင့်ထားပါတယ်။ ဘယ်လို ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရပါအုံးမယ်။

Friday Journal မေးမြန်းချက်
================

(၁) တစ်ဖက်အမျိုးသားတွေက ရိုဟင်ဂျာတွေဟာ ခိုးဝင် ဘင်္ဂလီ တွေ လို့ပြောတယ်။ တစ်ဖက်ကလည်း မဟုတ်ဘူး လို့ ပြောတယ်။ ဒီတော့ ခိုးဝင်ဘင်္ဂလီ နဲ့ ရိုဟင်ဂျာ ကို ဘယ်လိုခွဲခြားနိုင် မလဲ။ ခွဲခြားနိုင်တဲ့ ထင်ရှားတဲ့ လူမျိုးရေး လက္ခဏာ တွေ ရှိပါသလား။

ဦးကျော်မင်း ( DHRP)

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေးမှာ လ၀က လူကြီးက နိုင်ငံခြားက ခိုးဝင်လာတဲ့သူ စာ ရင်း ကိုတင်ပြခဲ့တယ်။၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် ၈ နှစ်အတွင်းမှာ ၃၇၈ ဦး ပဲ ရှိခဲ့တယ်။ ဆိုတော့ ၁ နှစ် မှာ လူ ဆယ်ဂဏန်းကျော်ကျော်ဘဲ ရှိမယ်။ ဒါက နယ်စပ်ဒေသဖြစ်လို့ ရာသီဥတုကြောင့်ဖြစ်စေ၊ တခြား အ ကြောင်း အရင်း ကြောင်းဖြစ်စေ ၀င်လာတဲ့သဘောပဲ ရှိမယ်။ အစုအလိုက်အပြုံလိုက်ခိုးဝင်လာတဲ့ အထောက် အထား မဟုတ်ဘူး။ မောင်တော်နယ်စပ်မှာ နစက ဌာနချုပ် ဖွင့်လှစ်ထားပြီး အခြေစိုက်စခန်း ၁၂ ခုနဲ့ စခန်းခွဲ ၈၂ ခု နီး ပါး ကို နယ်စပ်တစ်လျှောက် ချထားတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။

၃၇၈ ယောက်အပြင် ခိုးဝင်လာတဲ့သူ မရှိပါဘူး။ အဲဒါကြောင့် ပဲ နိုင်ငံတော် သမ္မတ က VOA နဲ့အင်တာဗျူးမှာ ခိုးဝင်လာသူ မရှိသလောက်ပါ လို့ ပြောထားတယ်။ လ၀က၀န်ကြီးကလည်း ၃လတိတိ ဌာနပေါင်းစုံက စိစစ်တယ် ခိုးဝင်လာတဲ့သူမတွေ့သလောက်ပါ လို့ လွန်ခဲ့တဲ့ ခြောက် လက ပြောထားတယ်။ ခိုးဝင်လာတယ်လို့ စွပ်စွဲ နေတဲ့တာက ဆန္ဒစောပြီးပြောနေတာဖြစ်တယ်။

ရိုဟင်ဂျာ ကို လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်။ စစ်တကောင်းဘက်က ဘင်္ဂလီနဲ့ ဒီဘက်က ရိုဟင် ဂျာ လမ်းလျှောက်တာတောင်မတူပါဘူး ၊ ပုဆိုးချည်တဲ့ ပုံစံမတူ ဘူး။ ဘင်္ဂလီ စကားနဲ့ ရိုဟင်ဂျာစကား ကွဲပြား ပါတယ် ။ နောက်ပြီး ဘင်္ဂလီတွေနဲ့ ဒီဘက်က ရိုဟင်ဂျာ တွေ အသား အရောင်မတူ ။ ရိုဟင်ဂျာ တွေအ စား အသောက်က အပူ၊အစပ်များတယ်။

နောက်ပြီး အင်္ဂလိပ် ခေတ်မှာ ခွဲခြားတဲ့နည်းတစ်ခုရှိတယ်။ အဲဒါက လက် မောင်းမှာ ကျောက်ရောဂါ ကာကွယ် ဆေး ထိုးတာ ခွဲခြား နိုင်တယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းနတ်မြစ်တစ် ဘက် က ဘင်္ဂလီတွေ က ကျောက်ဆေးကို ညာဘက်မောင်းမှာ ထိုးတယ်။ မြန်မာဘက်က လူတွေ ဘယ် ဘက် မှာ ထိုးတယ်။ လ၀က စစ်ဆေးရင် လက် မောင်း လှန်ပြီး တော့ ကျောက်ထိုးတဲ့အခြမ်းကိုစိစစ်တယ်။ ညာဘက် မှာ ထိုးထားရင် သူက ဟိုဘက်ကမ်း က ဘင်္ဂလီတွေပဲ၊ ဘယ် ဘက် မှာ ထိုးထားရင် ဒီဘက်ကမ်းက လူဆိုပြီး ခွဲခြားတယ်။

ဘင်္ဂလီဘက် တွေက ဒိုရီ စနစ် ကျ့င်သုံးတယ်။ ကိုယ့်သမီးအတွက် သမက်ဝယ်တဲ့စနစ် သုံးတယ်။ ဒီဘက်မှာက မကျင့်သုံးဘူး။ ဘင်္ဂလီ တွေကို ဆာရီ မ၀တ်ကြ ဘူး။ ရိုဟင်ဂျာ အမျိုးသမီးတွေ က မြန်မာလိုဘဲ အ၀တ်အစားဝတ်တယ်။ ထုတ်သီးတပ် ရင်ဖုံး ၊ထမီ ၀တ် တယ်။ ဟိုဘက်လူတွေ ဆာရီ ၀တ်တယ်။ ဒီဘက်မှာ ဆာရီ ၀တ်တဲ့ သူတစ်ယောက်မှာ မရှိဘူး။ ခေါင်းမှာ ပုဝါခြုံတယ်။

နောက်ပြီး ဘင်္ဂလီ အမျိုးသား တွေက အကျီကိုအပြင်မှာထားပြီး ၀တ်တယ်။ ဒီဘက်ခြမ်း က လူ တွေ က အကျီကို အတွင်း ထဲမှာဘဲ ၀တ်တယ်။ ဒီလိုမျိုးခွဲခြားနိုင်တယ်။ အခြား မတူခြားတဲ့ ယဉ်ကျေးမှု ၊ဓလေ့ ထုံးစံတွေ ရှိပါသေးတယ်။

(၂) သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဖြည့်စွက်ဖို့၊ ရိုဟင်ဂျာ ကုဒ်ကဏန်း သတ်မှတ်ပေးဖို့ တောင်းဆိုတာဟာ ရိုဟင်ဂျာ ပြည်နယ် တောင်းဆိုဖို့ ရည်ရွယ်တာလား ဆိုတာ ရှင်းပြပေးပါ။

ဦးကျော်မင်း ( DHRP)

ရိုဟင်ဂျာ အတွက် သန်းခေါင်စာရင်း ကုဒ်နံပါတ်တောင်းတာ ဟာ ပြည်နယ်တောင်းဖို့ မဟုတ်ပါဘူး။ မြန်မာ ပြည်မှာ တိုင်းရင်းသား ရာကျော်ရှိပါတယ်။ အားလုံးပြည်နယ်တောင်းကြတာမဟုတ်ကြဘူး။ လွတ်လပ်ရေးရပြီး ကတည်းက၂၀၁၁ ခုနှစ်အထိ အိမ်ထောင်စု စာရင်း အထိ ရိုဟင်ဂျာအမည်နဲ့ တည်ရှိခဲ့ကြတာ။ ဒီလူတွေ က နှစ်ပေါင်း များစွာ ရိုဟင်ဂျာ အဖြစ်နဲ့ နေထိုင် ခဲ့ပြီး ပြည် နယ်တောင်း တာ မရှိခဲ့ဘူး။

(၃) ရခိုင်ပြည်နယ် က အစ္စလာမ် ဘာသာ ၀င်ကျောင်းသားတွေ ပညာရေး အခွင့်အလမ်း ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီကိစ္စအပေါ် ပါတီတွေ အနေနဲ့ ဘာတွေ များဆောင် ရွက်နေတာ ရှိပါသလဲ။

ဦးကျော်မင်း( DHRP)

ပညာသင်ဖို့ ပိတ်ပင်ထားတာ အနှစ် ၂၀ ကျော်သွားပြီး ။ ရွာတစ်ရွာကနေ ရွာ သွားဖို့ မ လွယ်တာ။ ဘယ်လို လုပ်ပြီး တက္ကသိုလ်တက်နိုင်ကြမလဲ။ စစ်တွေကကောလိမ်ကို ၀င်ခွင့်ပြုတယ် လာခွင့်မပေး ဘူး။ ထောက်ခံစာ လည်းမပေး ဘူး။ ထောက်ခံစာလည်းမပေးဘူး ခွင့်ပြုချက်လည်း ဘယ်မှာမှ မရနိုင်ဘူး။ နိုင်ငံတော် ဘက်က စီမံဆောင်ရွက်ပေးဖို့ လိုပါမယ်။

ဦးမောင်နီ (NDPD)

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်ပြီးတော့ ရခိုင်ပြည် နယ်တစ်ခုလုံးက အစ္စလာမ် ဘာသာဝင် ကျောင်းသား ကျောင်း သူတွေ လုံခြုံမှုမရှိ ဘူးဆိုတော့ စစ်တွေတက္ကသိုလ်မှာတက်ရောက် ပညာ သင်ကြားခွင့် ဆုံးရှုံးသွားပြီ။ ဒီဇင်ဘာ ၅ ရက်နေ့ မှာ ကျောင်း သားပေါင်း ၄၀၀ ကျော်ကို စာရင်းပြုစု ပြီး နိုင်ငံတော်သမ္မတ ကြီး အပါ အ၀င် ပညာရေး ၀န်ကြီး ဌာန ၊ လ၀က ၀န်ကြီးဌာန ကို တင်ပြတောင်း ဆိုခဲ့ပါတယ်။

ဒီကိန်းကဏန်းက ကျွန်တော် တို့ပါတီက လက်လှမ်းမိ သလောက် စုစည်းထားတာ ။ ကျန်နေတဲ့ကျောင်းသားတွေ ရှိနေ ပါသေးတယ်။ အနည်း ဆုံး ကျောင်းသား ၆၀၀ ကျော်က ၈၀၀ အကြား ထိနေ ပညာသင်ကြားခွင့်ဆုံးရှုံးနေ တယ်လို့ ခန့်မှန်း ရပါတယ်။ ပညာရေး နိမ့်ကျနေတဲ့ အပေါ်မှာ နိုင်ငံသား အားလုံး ပညာသင်ကြား ခွင့်ရှိ တယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ကြိုးစားနေပါ တယ်လို့ ပြောကြားချင်ပါတယ်။

သတင်း နေသစ်ထွန်း

သန်းခေါင်စာရင်းကိစ္စ ဝန်ကြီး ဦးခင်ရီ ရှင်းလင်း

RFA
2014-01-12


ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်ဟာ နိုင်ငံရေး၊ စစ်ရေးတွေအတွက် အကျိုးအမြတ် ထုတ်လိုတဲ့ဆန္ဒကြောင့် မဟုတ် ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် တာ ဖြစ်တာကြောင့် အားလုံးပူပေါင်းပါဝင်ကြဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက ဒီနေ့ ပြောကြားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလိုပြောဆိုခဲ့တာပါ။

ဒီနေ့တက်ရောက်လာတဲ့ ရှမ်း၊ ကချင်၊ လော်ဝေါ်၊ လာချိတ် စတဲ့ တိုင်ရင်းသားတွေက တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အမည်တွေကို အခုကောက်ယူမယ့် သန်ခေါင်းစာရင်းမှာ မျိုးနွယ်စုတွေ ခွဲထုတ်လိုက်တာ နဲ့ ပတ်သက်ပြီး တင်ပြကြပါတယ်။

သန်းခေါင်စာရင်းပုံစံမှာပါဝင်တဲ့ တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်ထားတာတွေနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးမှ ဒုတိယအဆင့်အနေနဲ့ အားလုံးနဲ့ ဆွေးနွေးအဖြေရှာသွားမှာလို့ ဦးခင်ရီက ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းအချို့နဲ့ ဒေသခံ မြို့မိမြို့ဖ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဇန်နဝါရီ ၁၂ ရက်နေ့ကလုပ်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ နှင့် အခြား လူမျိုးစုများတွက် သီးသန့် ကုဒ်များ ထားပေးရန် ပါတီ ၂ ခု ပူးပေါင်းတောင်းဆို

ဇန်နဝါရီ ၁၀-၂၀၁၄
M-Media
A.N.Lay


ရန်ကုန်။          ။ ရိုဟင်ဂျာနှင့် သန်းခေါင်စာရင်း အရေး သတင်းစာ ရှင်းလင်းပွဲကို (အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ ပူးပေါင်း၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း အမှတ်၁၁၆-၁၁၈ (၆လွှာ)(B) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဌာနချုပ်၌ ပြုလုပ်ခဲ့သည်။

” နိုင်ငံတော်က လိုလားနေတဲ့ ပူးတွဲပါဝင် လှုပ်ရှားဖို့ ကိစ္စမှာ ကျွန်တော်တို့ပါတီဝင် နှစ်ခုစလုံးက နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ချင်တဲ့စိတ် ဝိုင်းဝန်းကူညီချင်တဲ့ စိတ်ရှိတဲ့ အတွက်ကြောင့် ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေကို ရခိုင်ပြည်သူပြည်သားများ ညှိနှိုင်းဆွေးနွေးမှ ညီညာ ချောမွေ့မှာဖြစ်တယ်လို့နိုင်ငံရေးခေါင်းဆောင်များက ခံယူတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးရေး နိုင်ငံရေး အင်အားစု အားလုံးနဲ့ပူးပေါင်းပြီးဆောင်ရွက်ချင်တဲ့ စိတ်ရှိကြောင်းကို ထုတ်ဖော်ပြချင်တဲ့ အတွက်ကြောင့် နှင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ ခံစားချက်၊ အခက်အခဲနှင့် အခြေခံ လိုအပ်ချက်များကို သက်ဆိုင်သူများ အားလုံးနှင့် မြန်မာပြည်သူ အားလုံးလည်း သိအောင် ကျွန်တော်တို့ ပါတီနှစ်ခုက ပူးပေါင်ပြီး သတင်းစာရှင်းလင်း ပြုလုပ်ရခြင်းဖြစ်ပါတယ်လို့” ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက ပြောကြားခဲ့သည်။

၎င်းနောက် အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပါတီနှစ်ခု၏ အကြံပြုချက်နှင့် တိုက်တွန်းချက်မှာ ” လူမျိုးအားလုံး၏ တန်းတူ ညီမျှမှုကို အသိအမှတ်ပြုသင့်ကြောင်း၊ အိမ်ရှင်၊ဧည့်သည်ဟု မခွဲခြားသင့်ကြောင်း၊ မြောက်ဦး နိုင်ငံတော် ထူထောင်ရာတွင်ပင် ပါဝင်သူများကို ဧည့်သည်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ၊ နိုင်ငံသားဖြစ်ပြီးသူများကို နိုင်ငံသားအဆင့် မလျော့သင့်ကြောင်း၊  အထက်ဖော်ပြပါ ဒေသခံ အစ္စလာမ် ဘာသာဝင်များသည် မွေးရာပါ နိုင်ငံသားဖြစ်သည့် အလျောက်နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိုနိုင်ရန် နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း၊  ပြည်ထောင်စု လ.ဝ.က ဝန်ကြီးမှလည်း ၂၀၁၄ ခု လူဦးရေစာရင်းကောက်ယူရာတွင် လူမျိုးအမည်ကို လွတ်လပ်စွာရေးသားနိုင်ကြောင်း၊ နိုင်ငံရေးပါတီများမှ ဝိုင်းဝန်းကူညီပေးရန် လမ်းညွန်မှုပေးထားပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံခြင်းသည် တိုင်းရင်းသား၊ နိုင်ငံသား သတ်မှတ်ခြင်း မဟုတ်ကြောင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းသာဖြစ်သည်ဟု ပြည်ထောင်စု လ.ဝ.က ဝန်ကြီးက နိုင်ငံရေးပါတီများအား ခေါ်ယူရှင်းပြခဲ့ကြောင်း၊  ထိုသို့ ကောက်ခံရာတွင် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး အတွက် ကုဒ်နံပါတ် ရှိသဖြင့် လူမျိုးစုစာရင်း အတိအကျပြုစုရန် လွယ်ကူပါကြောင်း၊ တိုင်းရင်းသား (၁၃၅) မျိုးတွင် မပါဝင်သော တိုင်းရင်းသား လူမျိုးစုများလည်းရှိပါကြောင်း ၊ အချို့မှာ လူဦးရေအားဖြင့် သိန်း၊ သန်းချီ၍ရှိပါကြောင်း၊  ထိုလူမျိုးစုများဖြစ်သော ဇိုမီး၊ ပသီ၊ ရှမ်းနီ၊ ကူကီး၊ ရိုဟင်ဂျာ စသည်တို့က အမှတ်စဉ်( ၁၁) ကုဒ်နံပါတ် (၉၁၄) အခြား ဇယားတွင် ဖြည့်စွက်နိုင်သည်ဟု ဝန်ကြီးက ရှင်းပြခဲ့ကြောင်း၊  တိုင်းရင်းသာား (၁၃၅) မျိုးတွင် မပါသေးသော တစ်ခြားလူမျိုးစုများနှင့် လူဦးရေ တစ်သန်းကျော်ရှိသော ရိုဟင်ဂျာ လူမျိုးများကို အခြား (Other) မှာ ရောနှောမထားဘဲ သီးခြားကုဒ်နံပါတ်တစ်ခုစီ သတ်မှတ်ပေးရန် တောင်းဆိုလိုက်ပါကြောင်း၊ ထိုသို့ သီးခြားကုဒ်နံပါတ် စီစဉ်ပေးခြင်းသည် နိုင်ငံတော် အတွက်ရော၊ ရိုဟင်ဂျာ လူမျိုးများအတွက်ပါ လျောကန် သင့်မြတ်သော ဖြေရှင်းချက်တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ပြည်လုံးရှိ ရိုဟင်ဂျာများက မိမိလူမျိုးအမည်ကို “ရိုဟင်ဂျာ”  ဟုပြတ်သားမှန်ကန်စွာ ဖြည့်စွက်ပါရန်ကို ပါတီနှစ်ခုက တိုက်တွန်းအကြုံပြုခဲ့ကြောင်း၊ ရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက်ကြပြီးမီဒီယာများမှလည်း သိရှိလိုသည်များကို မေးမြန်းပြီးနောက် သတင်းစာရှင်းလင်းပွဲကို ၄ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

သန်းခေါင်စာရင်းမှာ ကူကီးများကို သီးခြားကောက်ခံစေလို

2014-01-06
RFA

လာမယ့် မတ်လအတွင်း တစ်နိုင်ငံလုံး သန်းခါင်စာရင်း ကောက်ခံတဲ့အခါ ချင်းတိုင်းရင်းသားတွေထဲက ကူကီးတိုင်းရင်းသားကို လူမျိုးစုတစ်စုအဖြစ် သီးခြားကောက်ခံပေးဖို့အတွက် ဒီနေ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

သန်ခေါင်စာရင်း ကောက်ယူတဲ့အခါ ကူကီးလူမျိုးနာမည်နဲ့ ကောက်ခံပေးဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအထိ တင်ပြသွားမယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဥက္ကဌ ဒေါ်ငိုင်ငိုင်းက ပြောပါတယ်။

“အခု ၂ဝ၁၄ ခုနှစ် မတ်လမှာ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ဒီတိုင်းရင်းသားတွေနဲ့ နာမည်ပါဖို့အတွက်ဖြစ်တယ်၊ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကျမတို့ရဲ့ လူမျိုးနာမည်မပါဘဲနဲ့ သူ့ရဲ့မျိုးနွယ်စုငယ်တွေရဲ့ နာမည်တွေပဲ ပါနေတဲ့ဥစ္စာကို လူမျိုးရဲ့နာမည်ကတော့ ကူကီးဖြစ်ပါတယ်ဆိုတာကို အစိုးရကို သိစေချင်တယ်၊ တိုင်းရင်းသားတွေ အားလုံးကိုလည်း သိစေချင်တယ်၊ ကျမတို့က သမ္မတ ဦးသိန်းစိန်ဆီကို တင်ပြသွားမယ်၊ လူဝန်မှုကြီးကြပ်ရေးဌာနကိုလည်း တင်ပြသွားဖို့ရှိပါတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉၊ ၃၀ ရက်က  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ ကူကီးတိုင်းရင်းသား ညီလာခံကျင်းပခဲ့ရာမှာ မျိုးနွယ်စုငယ် ၁၇ မျိုးရဲ့ ကိုယ်စားလှယ်တွေက မျိုးနွယ်စုငယ်တွေရဲ့ နာမည်တွေနဲ့ မသတ်မှတ်တော့ဘဲ အားလုံးကို ကူကီးလူမျိုးအဖြစ်သတ်မှတ်ဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် လာမယ့်မတ်လမှာ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ကူကီးလူမျိုးဆိုပြီး ကောက်ခံပေးဖို့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ခေါင်ဆိုင်၊ ဂွီးသဲ၊ ဂန်သဲ၊ နင့်ထာဒို၊ လွန်ကင်းမ်၊ လျွန်းဒီမ်၊ မသဲ၊ ဗိုင်းသဲအပြင် မျိုးနွယ်စု ၁၇ စု ရှိပြီး သူတို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကလေး၊ တမူး၊ ဟုမ္မလင်း၊ လေရှီးနဲ့ ခန္ဓီးစတဲ့ မြို့နယ်တွေမှာ အဓိကနေထိုင်ကြတာဖြစ်ပြီး ချင်းပြည်နယ်အောက်ပိုင်းမှာတော့ အနည်းငယ်သာနေထိုင်ကြတယ်လို့ သိရပါတယ်။