သန်းခေါင်စာရင်း

12 Jan 2014

သန်းခေါင်စာရင်းကောက်ရာတွင် ကယန်းအမည်ဖြင့် ကောက်ခံရန် ကြေညာချက်ထုတ်ပြန်

ကြယ်ပြာ|ဇန်န၀ါရီ ၁၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်
Mizzima - News in Burmese


၂၀၁၄ ခုနှစ် မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ကယန်းတိုင်းရင်းသားမျိုးနွယ်စု လေးခုကို ကယန်းအမည်ဖြင့်သာကောက်ခံပေးရန် ကယန်းတိုင်းရင်းသားအဖွဲ့အစည်း ရှစ်ခုက ဇန်န၀ါရီ ၁၁ ရက် ညပိုင်းတွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သဘောထားထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်က “ကယန်းဆိုတာ ကယားရဲ့ လက်အောက်ခံမဟုတ်ဘူး။ သီးခြားလူမျိုးပါ။ ဒီလိုမျိုး တွေသတ်မှတ်ခဲ့လို့ တတ်လာတဲ့ အစိုးရအဆက်ဆက်က ကယန်းဆိုတာ မျိုးနွယ်စု အသေးလေးပါဆိုပြီး တော့ သွေးခွဲဆက်ဆံမှုတွေ လုပ်ခဲ့တယ်။ နှစ်ကြာလာတဲ့အမျှ ကယန်းတွေက ဒီလိုမျိုးနွယ်စုတွေခွဲခံထား တာက ပြဿနာရှိလာတယ်”ဟု မဇ္ဈိမကို ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ကယန်းလူမျိုးဟု သီးသန့် မပါဝင်သောကြောင့် ယင်းသို့ သဘော ထားကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကာ ရှမ်းပြည်နယ်မှ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကယန်း စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ကယန်းမျိုးဆက် သစ်လူငယ်အဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကယန်းအမျိုးသားကာ ကွယ်ရေးတပ်နှင့် ကယန်းအမျိုးသမီးအစည်းအရုံးတို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ကောက်ခဲ့ခြင်းသည် ကယန်းတိုင်းရင်းသားများကို အဓိကတိုင်းရင်းသားအုပ်စုအဖြစ်မှ ဖျောက်ဖျက် ပြီး ကယားလူမျိုးများ၏ လက်အောက်ခံအဖြစ် ချိုးနှိမ်ရာရောက်သည်ဟု ကြေညာချက်၌ ပါရှိသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ကယန်းမျိုးနွယ်စုလေးခုကို ကယားမျိုးနွယ်စုဝင်များအဖြစ် သတ် မှတ်၍ ကယန်းလထာကို ဇယိမ်း (Zayien-code 202)၊ ကယန်းကခေါင်းကို ကယန်းပဒေါင် (KaYun-Padaung Code-203)၊ ကယန်း ဂေဂိုကို ဂေဂို(Gheko code 204) နှင့် ကယန်းကငန်ကို ယင်းကော်(Yin Kaw code 209 )ဟု ကောက်ယူသွားမည်ဖြစ်ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားရာ ယင်း မျိုးနွယ်စုလေးခုကို ပေါင်း၍ ကယန်းအမည်ဖြင့်သာ ကောက်ခံပေးရန် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

အစိုးရကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကယန်းလူမျိုးနာမည် စာလုံးပေါင်း Kayan အစား Kayun ဟူ၍ မှားယွင်းစွာ ရေးသားထားခြင်းကို ပြန်လည် ပြင်ဆင်လိုပြီး မျိုးနွယ်စုလေးခုကိုလည်း ကုတ်နံပါတ် လေးခုနှင့် ဖော်ပြနေခြင်းကို ကယန်းပဒေါင်ကုတ်နံပါတ် ၂၀၃ ၏အောက်တွင် တစ်စုတစ်စည်းတည်း စုပေါင်း၍ ကောက်ခံစေလိုကြောင်း ကယန်းအဖွဲ့အစည်းများက ဆိုသည်။

ကယန်းလူမျိုးကို လူမျိုးစုနာမည်တစ်ခုတည်းအဖြစ် ကောက်ယူပေးရန် ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ၊ ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌနှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာရောက်စဉ်က ကယန်းလူမျိုးများက တောင်းဆိုခဲ့ကြသော်လည်း အစိုးရအနေဖြင့် ၎င်းတို့လူမျိုးအရေးအပေါ် အာရုံစိုက်မှု အလွန်တစ်ရာနည်းပါးလှကြောင်း ဦးနန်းရီက ဝေဖန် ပြောသည်။

ထိုကြေညာချက်ကို ထပ်မံဖြည့်စွက်၍ မျိုးနွယ်စုခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက ပူးပေါင်းလက် မှတ်ရေးထိုးထားသော တောင်းဆိုချက်ကို ဇန်န၀ါရီ ၁၅ ရက်မတိုင်မီ နိုင်ငံတော်သမ္မတအပါအ၀င် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လ.၀.က)နှင့် လွှတ်တော်များ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသားရေးရာကော်မတီများထံသို့ ပေးပို့ကြရန် စီစဉ်ထားသည်။

No comments:

Post a Comment