သန်းခေါင်စာရင်း

2 Jan 2014

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပိုနေ၊ လိုနေသည့် လူမျိုးစုစာရင်းများအား လ၀က ၀န်ကြီးဌာနသို့ တင်ပြမည်


ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပိုနေ၊ လိုနေသည့် တိုင်းရင်းသားလူမျိုးစု စာရင်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ ဦးစိုင်းစောသန်းမြင့်က “ကျွန်တော်တို့ထဲမှာပါတဲ့ ပါတီအသီးသီးက အဖွဲ့ဝင် ကိုယ်စားလှယ်တွေက သူတို့သက်ဆိုင်ရာ ပါတီတွေအလိုက် တိုင်းရင်းသား လူမျိုးစုစာရင်းတွေကို စုဆောင်းနေတယ်။ ဒီစာရင်းတွေကို ကျွန်တော်တို့က NBF ရဲ့ (၁၇)ကြိမ်မြောက် ပါတီအစည်းအဝေးမှာတင် စုစည်းပြီးတော့ လ၀ကကို တင်ပြမယ်။ ဒီဇန်န၀ါရီ လဆန်းပိုင်းလောက်မှာပဲ ဒီစာရင်းတွေကို တင်ပြသွားဖို့ ရှိတယ်။ နောက်ပြည်လုံးကျွတ် သန်းaခါင်စာရင်းမတိုင်မီ လ၀က၀န်ကြီးနဲ့ ဒီတိုင်းရင်းသားစာရင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်” ဟု ပြောကြားသည်။

ထို့ပြင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပြီး အဆိုပါ တိုင်းရင်းသားပါတီများမှ ၎င်းတို့သက်ဆိုင်ရာ ဒေသများတွင် တိုင်းရင်းသားလူမျိုးစု စာရင်းများအား စုစည်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အနေဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ UNFPA၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအား ပြန်လည်ဆန်းစစ်ရန်၊ လ၀က၀န်ကြီးမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးပေးရန်နှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်း ၄၁ ခုမှာ အမှန်တကယ် လိုအပ်သည် မလိုအပ်သည်ကို ပြန်လည်ဆန်းစစ်ရန် အပါအ၀င် ကြေညာချက်လေးရပ် ထုတ်ပြန်ခဲ့သည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်မှ စတင်ကာ ကောက်ခံသွားမည်ဖြစ်ပြီး ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ခံခဲ့ဖူးသည်။
Eleven Media Group

No comments:

Post a Comment